Homeသတင်းမွန်ပြည်နယ်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၃,၀၀၀ ဝန်းကျင် ဈေးပေါက်နေ

မွန်ပြည်နယ်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၃,၀၀၀ ဝန်းကျင် ဈေးပေါက်နေ

-

မွန်ပြည်နယ် စျေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၃,၀၀၀ ဝန်းကျင် ပေါက်စျေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ကုန်သည်အချို့တို့ထံမှ သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ကြက်သွန်နီအကြမ်း တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀၊ အလတ်တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ နှင့် အကောင်းဆုံးအဆင့် တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ အထိ ဈေးပေါက်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကအထိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၅,၀၀၀ ဝန်းကျင်သာ ရှိရာမှ တစ်ပတ်အတွင်း တစ်ပိဿာ ကျပ် ၇,၀၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

ကျိုက်မရောမှ အိမ်ရှင်မတစ်ဦးက “မနက်ကစျေးသွားတာ ကြက်သွန်နီ အလတ်အဆင့် ၁၀ ပိဿာ တစ်အိတ်ကို ၂ သိန်းတဲ့ ဘဝမှာ တစ်ခါမှ မကြားဖူးတဲ့စျေး၊ အရင်က တစ်ပိဿာ ၅၀၀၀/ ၆၀၀၀ လောက်က စျေးကြီးနေပြီး အခုက တစ်ပိဿာ ၂ သောင်းတဲ့” ဟု ဆိုသည်။

နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းတွင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှု ရာသီအကူးအပြောင်းဖြစ်သည့်အတွက် စျေးတက်လေ့ရှိသော်လည်း ယခုနှစ်လို စံချိန်တင်သည့်အထိ စျေးမြင့်တက်ခြင်း မကြုံဖူးကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက မွန်ပြည်နယ်စျေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁,၅၀၀ နှင့် ၂,၀၀၀ ဝန်းကျင်သာ ဈေးပေါက်ခဲ့သည်။

ယခုနှစ်တွင် နွေကြက်သွန်နီ လက်ကျန်များ ကုန်လုနီးပါးဖြစ်နေသည့်အပြင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးကဲ့သို့ ကြက်သွန်နီ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ခင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

“ကြက်သွန်တစ်ခုထဲစျေးတက်နေတာ မဟုတ်ဘူး။ ဆန်ကြမ်းတို့၊ ဆီတို့လည်း စျေးတက်နေတာပဲ ဆန်ကြမ်း တစ်ပြည်ကို ၈၀၀၀ ကျပ်၊ အညံ့စား ကြက်သွန်နီ တစ်ပိသာကို ၁၈၀၀၀ တစ်နေ့လုပ် တစ်နေ့စားတွေ ဘယ်လိုလုပ်ပြီးတော့ အဆင်ပြေနိုင်မှာလဲ” ဟု သံဖြူဇရပ်မြို့က အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် သာမန် လက်လုပ်လက်စားပြည်သူများအပါအဝင် အိမ်ထောင်စုတိုင်းတွင် ဝမ်းရေးအဆင်ပြေစေရန် ချွေတာ စုဆောင်း သုံးစွဲလာရသည့်အပြင် ဝင်ငွေနှင့် အသုံးစရိတ် မမျှတမှုနှင့် ရင်ဆိုင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts