Home သတင်း ကျိုက်မရောရှိ စစ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် တိုက်ခိုက်၊ စစ်တပ်ဘက်က ၈ ဦး ထိခိုက်သေဆုံး

ကျိုက်မရောရှိ စစ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် တိုက်ခိုက်၊ စစ်တပ်ဘက်က ၈ ဦး ထိခိုက်သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စစ်ကော်မရှင် တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် (RMA) က တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း RMA က ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က တုံစိကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ၊ ကော့ဒွန်း-ကော့ပနော့ရွာရှိ စစ်တပ် ဂိတ်စခန်းနှင့် တရနာကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်နေရာ ၃ ခုကို RMA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ကြောင့် တရနာကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းတွင် ထိခိုက်သေဆုံးမှု မရှိသော်လည်း ဘိလပ်မြေစက်ရုံနှင့် ကော့ဒွန်း-ကော့ပနော့ တပ်စခန်းတို့တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ရှိသည်ဟု ရာမညမွန်တပ်တော် (RMA) ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ရာမညမွန်တပ်တော် (RMA) ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း ထုတ်ပြန်ထားသည်။

စစ်ကော်မရှင် တပ်စခန်းများကို RMA ကျိုက်မရောမြို့နယ်တပ်နှင့် ကော့ကရိတ်မြို့နယ်တပ်တို့က တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်သည်။

စစ်တပ် တပ်စခန်းနေရာများ တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြပြီး၊ လက်နက်ကြီးနှင့် လေကြောင်းရန်ကိုလည်း ကြောက်ရွံ့နေကြသည်။

“တိုက်ပွဲတွေ ဖြစ်လာမှာလည်း စိုးရိမ်တယ်။ စစ်တပ်က သူတို့စခန်းတိုက်ခိုက်ခံရရင် လက်နက်ကြီးနဲ့ ပစ်တာတို့ လေယာဉ်နဲ့ လာပစ်တာမျိုးလည်း လုပ်တတ်တော့ အဲဒါကိုလည်း ကြောက်နေရတယ်။” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ကျွန်းရွာလမ်းထိပ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့‌ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုစစ်ဆေးရေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ဒေသတွင်းကို စစ်အင်အား ထပ်ဖြည့်ထားပြီး လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။