Homeသတင်းကရင်ပြည်နယ်အတွင်း ကျားဖြန့်အဆောက်အဦးအသစ်များ ပိုတိုးလာနေ

ကရင်ပြည်နယ်အတွင်း ကျားဖြန့်အဆောက်အဦးအသစ်များ ပိုတိုးလာနေ

-

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပပျောက်ရေး အမေရိကန်၊ တရုတ်၊ ထိုင်းတို့ အာရုံစိုက်နေကြသော်လည်း ငွေလိမ်လုပ်ငန်းခွင်များ ပို၍ပင် များပြားလာကြောင်း နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ လေ့လာစောင့်ကြည့်နေသူတို့က ပြောသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရနှင့် သာဆောင်ယန်း ခရိုင်တို့၏ မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာနိုင်ငံဘက်ခြမ်းမှ မြဝတီမြို့နယ်၊ ဝေါလေမြိုင်ဒေသနှင့် လှိုင်းဘွဲ့မြို့နယ်ဘက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း ခြံဝန်းသစ်များ ပေါ်ထွက်လာသည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲရာမတ်မြို့နယ်မှ ၅ ကီလိုမီတာသာ ဝေးကွာသည့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ငွေလိမ်လုပ်ငန်းဟု ယူဆရသည့် အဆောက်အဦးကြီးများနှင့်အတူ အကြီးစား ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် (Solar Farm) ကို တည်ဆောက်ထားကြောင်းကို နယ်စပ်ရှိငွေလိမ်လုပ်ငန်းများကို စောင့်ကြည့်နေသူ ထိုင်းနိုင်ငံသူ Natty က ဓာတ်ပုံများနှင့်တကွ ထုတ်ပြခဲ့သည်။

Natty က “ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကျွန်မရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ ကရင်ပြည်နယ်အတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) အဆောက်အအုံဝင်း အရေအတွက်ဟာ ပိုမိုများပြားလာနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် တွေ့မြင်နေရတာကတော့ ဒီလုပ်ငန်းဟာ သူ့ရဲ့ ဖွဲ့စည်းပုံ ပုံစံကို ပြောင်းလဲလာနေတာ ဖြစ်ပါတယ်။ အရင်တုန်းက ငွေလိမ်လည်မှုလုပ်ငန်းတွေကို ရွှေကုက္ကိုလ်နဲ့ KK Park လိုမျိုး လူသိများပြီး ကြီးမားတဲ့ အဆောက်အအုံဝင်းကြီးတွေမှာ အဓိက စုပြုံလုပ်ကိုင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ဝေးလံခေါင်ဖျားတဲ့ ရွာတွေ၊ တောင်ကြားတွေနဲ့ တောင်တန်းဒေသတွေလိုမျိုး ပိုမိုသေးငယ်တဲ့ နေရာတွေမှာ အဆောက်အအုံဝင်းအသစ်တွေ ပိုမိုပေါ်ပေါက်လာနေတာကို တွေ့မြင်နေရပါတယ်။” ဟု ပြောသည်။

ထိုင်းနိုင်ငံ တဘက်ကမ်း ကရင်ပြည်နယ်အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးလုပ်ဆောင်နေချိန် တဘက်မှာ အာဏာသိမ်းစစ်အစိုးရက နာမည်ကြီး KK Park နှင့် ရွှေကုက္ကိုရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်အဆောက်အဦးများကို ဖောက်ခွဲဖျက်ဆီးပြခဲ့ရသည်။

တရုတ်ကလည်း မြဝတီမြို့နယ်အတွင်း ကျားဖြန့်များ ပြန်လည် ခေါင်းမထောင်လာအောင် အာဏာသိမ်းစစ်အစိုးရကို သတိပေးပြောဆိုနေသည့်ကြားတွင် ကျားဖြန့်လုပ်ငန်းများ ပုံစံပြောင်း၍ ခိုင်ခိုင်မာမာ ဆက်လက် တိုးချဲ့နေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

“ယခင်က လူအများ သိပ်သတိမထားမိခဲ့တဲ့ နေရာတွေမှာ အဆောက်အအုံဝင်းအသစ်တွေ တည်ဆောက်လာတာကို တွေ့မြင်နေရပါတယ်။ မြို့ကြီးတွေမှာ မဟုတ်ဘဲ ရွာငယ်လေးတွေအနီး၊ စိုက်ပျိုးရေးမြေတွေ ဒါမှမဟုတ် တောင်တန်းဒေသတွေမှာ တည်ရှိနေကြပါတယ်။ ဒီအဆောက်အအုံဝင်းတွေဟာလည်း ပိုမိုချဲ့ထွင်လာနေပုံ ရပါတယ်။ ဒါဟာ အဆိုပါလုပ်ငန်းတွေက ရေရှည်လုပ်ကိုင်ဆောင်ရွက်ဖို့ ပြင်ဆင်နေတာကို ဖော်ပြနေပါတယ်။” ဟု Natty က ထောက်ပြသည်။

လက်ရှိ ထပ်မံတိုးချဲ့လာသည့် ငွေလိမ်လုပ်ငန်းခွင်များမှာ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ် စောချစ်သူ၏ လုပ်ပိုင်ခွင့် နယ်မြေများအောက်တွင် ရှိနေသည်ဟု ယူဆကြောင်း ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းအရင်းမြစ်တစ်ဦးကလည်း ဒေါနတောင်ခြေရှိ တောနက်ကြီးများအတွင်းတွင် ငွေလိမ်လုပ်ငန်းဟု ယူဆရသည့် ပုံစံတူ ၄ ထပ်တိုက် အဆောက်အဦးများကို တွေ့ခဲ့ရကြောင်း IMNA ကို ပြောသည်။

“အဲဒီနေရာတွေမှာ အစောင့်တွေရှိတယ်။ လှိုင်းဘွဲ့ဘက်က ရွာတွေဆို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့မရတော့ဘူး။ အစစ်အဆေးများတယ်။ လှိုင်းဘွဲ့၊ ပိုင်ကျုံတကြောမှာ ကျားဖြန့်တွေ အရမ်းများလာတယ်” ဟု KNU သတင်းအရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုက KK Park နှင့် ရွှေကုက္ကို မြို့သစ်ရှိ ငွေလိမ်လုပ်ငန်းများကို အယောင်ပြ ဖြိုချပြီးနောက် အဆိုပါ လုပ်ငန်းများမှာ တောနက်ကြီးများအတွင်း ပျံ့ကြဲသွားသလို အချို့မှာ မော်လမြိုင်နှင့် ဘားအံကဲ့သို့သော မြို့ကြီးများပေါ်သို့ပါ စိမ့်ဝင်လာကြောင်း စုံစမ်း သိရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts