မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသအတွင်း စစ်ကော်မရှင်တပ်စွဲရာ နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။
အောက်တိုဘာလအတွင်း သံကလောင်နှင့် ခရားရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က ရာမညမွန်တပ်တော် (RMA) က ဓမ္မသ၊ သံကလောင်နှင့် ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၃ ခုကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သေဆုံးမှု မရှိသည့်အပြင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် ပုံမှန်အတိုင်း တပ်စွဲနေထိုင် နေသည်ဟုလည်း ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
“ခုတလော ဒရုန်းတွေ ခဏခဏကျနေတာက ကြားနေတာပဲ။ ဒါမဲ့ ဘယ်ဘက်လည်းဆိုတာ သေချာမသိ နေဘူး။ မနေ့က ဖုန်းပြောကြည့်မှ သေချာသိရတယ်။ လူတွေ ထိခိုက်မှုတော့မရှိဘူးတဲ့။ ဒါမဲ့ ဒေသခံတွေရဲ့ နေအိမ်တော့ ပျက်စီးသွားတာမျိုးတော့ ရှိတယ်။ ” ဟု ၎င်းက ဆိုသည်။
ဓမ္မသရွာမီးရှို့ဖျက်ဆီးခံရသည့် ၂၀၂၄ ခုနှစ်နောက်ပိုင်း ဂျိုင်းမြစ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးသော်လည်း မြေပြင်တွင် စစ်ကော်မရှင်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ကင်းထောက်မှု၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်။
အဆိုပါအခြေအနေကြောင့် ဒေသခံများ၏ လုံခြုံရေးအခြေအနေ စိုးရိမ်နေကြရပြီး နေအိမ် ပျက်စီးဆုံးရှုံးမှုနှင့် ဒေသခံများ ထိခိုက်ဒဏာရရှိမှုများ ရှိနေသည်ဟုလည်း ကရင်ဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်ကလူတွေက နေသားကျသွားတာ မှန်ပေမယ့် တခါတလေ ပြန်ဖြစ်လာရင် ကြောက်ကြတာပဲ၊ နေအိမ်တွေ ထိရင်လည်း ပျက်ပြင်ရတာနဲ့ ခုခေတ်ဈေးနှုန်းတွေနဲ့က အကုန်အကျမနည်းဘူး။ လူထိရင်လည်း တစ်ခုခုဖြစ်သွားမလား စိုးရိမ်နေတာ” ဟု ၎င်းက ဆိုသည်။
အလားတူ ရာမညမွန်တပ်တော် RMA မှလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ဓမ္မသ၊ သံက လောင်၊ ကော့ဘိန်းကျေးရွာရှိ စစ်ကော်မရှင်တပ်တို့ တပ်စွဲထားသည့် နေရာ ၃ ခုကို ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခံရမှုအပြင် ကော့ကရိတ်နှင့် ကြားအင်းဆိပ်ကြီး တိုက်ပွဲများကြောင့် မွန်-ကရင် နယ်စပ်ဒေသတွင် စစ်အင်အားတိုးချထားပြီး ကျေးရွာများတွင် ဝင်ရောက်တပ်စွဲကာ အရပ်သားများကိုစစ်ဆေးဖမ်းဆီးပြီး မတရားစစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းအရ သိရသည်။



