တနင်္သာရီတိုင်းတွင် စစ်အုပ်စုကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသည့် အချက်အလက်များအရ ကလေးအပါအဝင် အရပ်သားပြည်သူ ၉၀ ဦး သေဆုံးသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
သေဆုံးများထဲတွင် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၂၆ ဦးတို့ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေး ၄ ဦး ပါဝင်သည်ဟု ဆိုသည်။

၎င်းပြင် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံး အရပ်သား ၄၈ ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းထားပြီး အတည်ပြုနိုင်ရေး ဆောင်လျှက်ရှိသည်။
အဆိုပါ သေဆုံးသူများသည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပြီး၊ စစ်အုပ်စု၏ ဖမ်းဆီးပြီး သတ်ဖြတ်ခံခဲ့ရခြင်းသည် ဒုတိယအများဆုံး ဖြစ်သည်ဟု AAPP က ဆိုထားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ကပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာထဲ စစ်အုပ်စုက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၈ နှစ်အောက် ကလေးတဦးအပါအဝင် ပြည်သူ လေးဦးသည် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအချို့လည်း ရှိခဲ့သည်။
စစ်တပ်အာဏာသိမ်း ခြောက်နှစ်နီးပါးကာလအတွင်း စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူ ၈၆၄၇ ဦး သေဆုံးခဲ့ရသည်ဟု AAPP ၏ အချက်အလက်များက ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၃၂၂၆၃ ဦးရှိပြီး ၎င်းထဲတွင် ၁၅၁၁၂ ဦးသည် ထိန်းသိမ်း ခံနေရဆဲဟု အတည်ပြုနိုင်ပြီး၊ ၇၇၄၈ ဦးသည် အတည်ပြုရန်လိုအပ်ဆဲဖြစ်သည်။
ယခု ကိန်းဂဏန်းအချက်အလက်များသည် AAPP က လက်လှမ်းမီသလောက် ကောက်ယူရရှိထားသည့် အရေအတွက်များသာဖြစ်ပြီး၊ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များသည် ယခုထက် ပိုများနိုင်သည်ဟုလည်း AAPP က ဆိုသည်။



