Home သတင်း ပုလောမြို့နယ် မကျည်းကုန်းရွာ ကာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ပုလောမြို့နယ် မကျည်းကုန်းရွာ ကာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကော်မရှင်၏ မကျည်းကုန်းရွာ ကာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ပုလောမြို့အနီးရှိ ခလရ-၂၈၅ တပ်ရင်းနှင့် မီတာ ၅၀၀ အကွာရှိ အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော မကျည်းကုန်းရွာ ကာကင်းစခန်းကို အောက်တိုဘာလ ၁၂ ရက် နံနက် ၆ နာရီခွဲခန့်က KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့နှင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကာကင်းစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၇ နာရီခွဲတွင် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်ခရိုင် အမှတ်-၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက “ ရန်သူစစ်ကူမပေးနိင်အောင် တချိန်တည်း မြို့ပတ်လည်က နန်းတောင်ဂိတ်နဲ့ ပုလောမြို့မရဲစခန်းကို အရောင်ပြပစ်ခန့်တာတွေ ကျနော်တို့ဖက်က လုပ်တော့ ရန်သူက ဘယ်နေရာက အဓိက မြေပြင်စစ်ကူပေးရမလဲဆိုတာ သူတို့ဆုံးဖြတ်နိင်ခြင်းမရှိဖြစ်သွားတာပေါ့၊ အဲ့‌ကြောင့် ကာကင်းစခန်းကို သိမ်းပိုက်အောင်မြင်သွားတာပါ” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၁၀ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

KNLA Special Forces အဖွဲ့မှ စစ်ကော်မရှင်တပ်များကို အခွင့်အရေးရသည်နှင့်အမျှ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခြင်းမပြုကြရန် ပြည်သူများကို ထပ်မံသတိပေး နှိုးဆော်ထားသည်။

Enable Notifications OK No thanks