မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ ကူးတို့ဆိပ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က DKBA အဖွဲ့မှ တင်ဆောင်လာသည့် မူးယစ်ဆေးဝါများကို စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့ကြောင်း မြေပြင်ဖြစ်စဥ်သိရှိသူ ဒေသခံများ၏ ပြောပြချက်အရ သိသည်။
ဝတ်စုံအပြည့်ဖြင့် DKBA တပ်ဖွဲ့ဝင် ၅ ဦးမောင်းနှင်လာသည့် Vigo ယာဉ်သည် ဂျိုင်းမြစ်ဒေသကျေးရွာများအတွင်း ဖြတ်သန်းမောင်းနှင်လာစဉ် ကျွန်းသစ်ရွာရှိ စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့များက အနောက်မှလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရနာရွာ ကူးတို့ဆိပ်အရောက် တစ်ဖက်ကမ်းမကူးမီ ဖမ်းဆီးရမိခဲ့ကြောင်း မြေပြင်ဖြစ်စဥ်သိရှိသူ ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
“DKBA တပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီလှေဆိပ်ကနေ အခြားတစ်ဖက်ကမ်းကူးဖို့ လှေစောင့်နေတဲ့အချိန်မှာ ဖမ်းမိသွားတာ၊ လှေဆိပ်တာနဲ့ စစ်တပ်ကလည်း ချက်ချင်းစစ်ဆေးတော့ ကားပေါ်မှာတင်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေ အများကြီးတွေ့သွားတယ်”ဟု ၎င်းက ဆိုသည်။
ယာဉ်ပေါ်တွင်ပါလာသည့် ဘိန်းစာရွက်အိတ်ကြီး၊ အိတ်သေး (၅) အိတ်ထက်မနည်းအပြင် မူးယစ်ဆေးအလုံးရာနှင့်ချီ ရှာဖွေတွေ့ သိမ်းဆည်းခံခဲ့ရသည်။
၎င်းအပြင် DKBA တပ်ဖွဲ့ဝင် ၅ ဦးကို ကျိုက်မရောရဲစခန်းတွင် အမှုဖွင့်ခံထားရပြီး ယာဉ်နှင့် လက်နက်များကို မော်လမြိုင်မြို့အရှေ့တောင် တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ထားသည်ဟု သိရသည်။
DKBA အဖွဲ့က ၎င်းတို့လှုပ်ရှားသည့်ဒေသဘက်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ ဒေသတွင်း အုပ်ချုပ်သည့် DKBA တာဝန်ရှိသူများထံ IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
လက်ရှိတွင်လည်း ဂျိုင်းမြစ်ဒေသဘက်ရှိ DKBA စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသည့် နေရာအချို့ကို စစ်ဆေးဂိတ်အချို့တို့တွင် စစ်ကော်မရှင်တပ်တို့က ပြန်လည်နေရာယူထားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။




