မွန်ရိုးရာအစားအစာနှင့် ရပ်ရွာခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ပြပွဲကို ကန်ချပူရီပြည်နယ်၊ ထောင်ဖာဖွန်ခရိုင် အောင်ဓိရွာဘုန်းကြီးကျောင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သုတေသနအဖွဲ့၊ ဒေသခံရပ်မိရပ်ဖနှင့် ကျောင်းထိုင်ဆရာတော်များ ပူးပေါင်း၍ ၂ ရက်တာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့က ထောင်ဖာဖွန်ခရိုင်အတွင်းရှိ ဒေသခံမွန်လူမျိုးအသိုင်းအဝိုင်း၏ သမိုင်းအကြောင်း၊ လူနေမှုပုံစံ၊ အနုပညာယဉ်ကျေးမှု၊ ရိုးရာပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်၊ ကိုယ်ပိုင်ယဥ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ပြသရန်နှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ပြပွဲအား စီစဥ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဖာဖွန်ဒေသတစ်ဝိုက် မွန်အစားအသောက်များကို သုတေသနပြုနေသည့် ဘန်ကောက်တက္ကသိုလ် သုတေသနအဖွဲ့မှ အစိုးရအဖွဲ့ထံ ဘတ်ဂျက်တောင်းဆိုခြင်းမှတစ်ဆင့် ပြပွဲဖြစ်လာကြောင်း ပြပွဲဦးဆောင်သူ မွန်သုတေသနဆရာတစ်ဦးက ဆိုသည်။
“မွန်ရွာအသီးသီးမှာရှိတဲ့ မွန်အစားအစာတွေကို သုတေသနပြုဖို့ တက္ကသိုလ်ကနေတစ်ဆင့် ကျနော်တို့ scholarship တောင်းတယ်။ နောက်ပြီး စာအုပ်ဖြစ်ဖို့ကို အစိုးရအဖွဲ့က ဘတ်ဂျက်ပေးတယ်။ အဲဒီကနေတစ်ဆင့် စာအုပ်ပြပွဲလုပ်ဖို့ရယ်၊ ယဉ်ကျေးမှုဆိုင်ရာတွေကို ပြသဖို့ရယ် အောင်ဓိရွာကို ရွေးချယ်ခဲ့တယ်” ဟု သူက ဆိုသည်။
ပြပွဲအတွင်း သုတေသနအဖွဲ့မှ ပြုစုထားသည့် မွန်ရိုးရာအစားအစာ သုတေသနစာအုပ် စာတမ်းရှင်းလင်းပွဲအပြင် မွန်မုန့်ပဲသရေစာများ၊ ရိုးရာအကအလှများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာဘိုးဘွားဘီဘင် နတ်ပူဇော်ပွဲများပါ ထည့်သွင်းပြသခဲ့သည်။
ထောင်ဖာဖွန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ တက်ရောက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သိရသည်။
မွန်မုန့်ပဲသရေစာများဖြစ်သည့် မုန့်လက်ဆောင်း၊ မုန့်ပိန်းတောက်၊ ဘိန်းမုန့်၊ မုန့်ဟင်းခါး၊ မုန့်ပစ်စလတ်၊ အကြော်စုံ၊ ဝက်ခေါင်းသုပ်နှင့် အခြားမုန့်မျိုးစုံကို ပြပွဲတွင် ချက်ပြုတ်ကြော်လှော်ပြသခြင်းအပြင် တက်ရောက်လာသည့် အုပ်ချုပ်ရေးအကြီးအကဲများနှင့် ဒေသခံများကို ကျွေးမွေးဧည့်ခံခဲ့သေးကြောင်းလည်း သိရသည်။
အောင်ဓိရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ ပြပွဲဖြစ်မြောက်ရန် အင်တိုက်အားတိုက် ပါဝင်ခဲ့သည့်အပြင် ဖျော်ဖြေရေးအတွက် စံခလပူရီ မွန်ယဉ်ကျေးမှုစင်တာမှ မွန်ရိုးရာတူရိယာများဖြင့် ပါဝင်အားဖြည့်ကူညီခဲ့သည်။
ထောင်ဖာဖွန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံရိုးရာယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရာတွင် အားပေးကူညီသွားမည်ဖြစ်ပြီး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟုလည်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။




