Homeသတင်းမလေးရှားနိုင်ငံ၏ အကြီးစားရှောင်တခင်စစ်ဆေးမှု စီမံချက်တွင် မြန်မာနိုင်ငံသား ၅၇ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၏ အကြီးစားရှောင်တခင်စစ်ဆေးမှု စီမံချက်တွင် မြန်မာနိုင်ငံသား ၅၇ ဦး ဖမ်းဆီးခံရ

-

မလေးရှားနိုင်ငံ၏ အကြီးစား ရှောင်တခင်စစ်ဆေးမှု စီမံချက်တွင် ကွာလာလမ်ပူမြို့၊ လီဘူပူဒူ (Lebuh Pudu) ဧရိယာအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅၇ ဦး အပါအဝင် နိုင်ငံခြားသား ၄၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးကို ကွာလာလမ်ပူနယ်မြေ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး Datuk Hamsha bin Injau ကိုယ်တိုင် ဦးဆောင်ကာ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (JIM) က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၁၈ နှစ်မှ ၆၂ နှစ်အတွင်းရှိ အမျိုးသား ၄၃၉ ဦးနှင့် အမျိုးသမီး ၃၃ ဦး ပါဝင်ပြီး၊ ၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၆၄ ဦးဖြင့် အများဆုံးဖြစ်ကာ မြန်မာနိုင်ငံသား ၅၇ ဦး ဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ဖိလစ်ပိုင်၊ နီပေါ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ ဇင်ဘာဘွေနှင့် ဆော်ဒီအာရေဗျ နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ကို ခိုင်လုံသော သက်သေခံအထောက်အထား (ID) မရှိခြင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)စည်းကမ်း ချိုးဖောက်ခြင်း၊ ဗီဇာသက်တမ်းကျော် နေထိုင်ခြင်းနှင့် အသိအမှတ်မပြုထားသော ကတ်ပြားများ ကိုင်ဆောင်ခြင်းစသည့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှုများကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများနှင့် ဥပဒေအရ အရေးယူမှုများ ပြုလုပ်ရန် ဘူကစ်ဂျာလီ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Bukit Jalil Immigration Detention Depot) သို့ ပို့ဆောင်ထားကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများသာမက တရားမဝင်လုပ်သားများကို အကာအကွယ်ပေးထားသည့် သို့မဟုတ် အလုပ်ခန့်အပ်ထားသည့် အလုပ်ရှင်များနှင့် လုပ်ငန်းခွင်ပိုင်ရှင်များကိုပါ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထားသည်။

အလားတူ ပိုမိုပြင်းထန်သော စစ်ဆေးအရေးယူမှုများ မပြုလုပ်မီ ၂၀၂၇ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေးထားသည့် ရွှေ့ပြောင်းလုပ်သား နေရပ်ပြန်ပို့ရေး အစီအစဉ် (PRM) အခွင့်အရေးကို အလုပ်ရှင်များနှင့် နိုင်ငံခြားသားလုပ်သားများ အမြန်ဆုံး အသုံးချကြရန်လည်း တိုက်တွန်းထားသည်။

ပုံ-JIM

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts