Homeသတင်းစစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် ဒေသခံတို့၏ နေ့စဉ်ဘဝ ဘယ်လိုထိခိုက်နေသလဲ

စစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် ဒေသခံတို့၏ နေ့စဉ်ဘဝ ဘယ်လိုထိခိုက်နေသလဲ

-

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းရှိ ကနင်ကမော့၊ နှစ်ကရင်၊ အောင်သာယာ၊ လိမ္မော်ခြံ၊ ကုန်းပေါ်ရွာသစ် စသည့်ကျေးရွာ (၈) ရွာခန့်တို့တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းတို့ ဝင်ရောက်သွားလာလှုပ်ရှားနေသည် မှာ (၃) လကျော် ကြာမြင့်လာပြီးဖြစ်သည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသည့် အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းတို့သည် ကျေးရွာတစ်ရွာတည်း တွင် အတည်တကျနေထိုင်ခြင်းမရှိဘဲ ညသန်းခေါင်ယံအချိန်တွင် တစ်ရွာမှ တစ်ရွာသို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံတို့က ဆိုသည်။

၎င်းစစ်ကြောင်းသည် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏလည်း ဖြစ်ပွားလေ့ရှိသည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းနှင့် နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် သွားလာရေးအခက်အခဲများရှိလာသည့်အပြင် လုံခြုံမှုမရှိတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံတို့ ပြောဆိုချက်အရ သိရသည်။

“ခု လက်ရှိတော့ အောင်သာယာရွာအပြင်ဘက်က ဒေသခံတွေရဲ့ ခြံမှာ (စစ်တပ်စစ်ကြောင်း) ရှိနေကြတယ်၊ လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ ဒေသခံတွေက ခြံကို အနည်းနဲ့အများ သွားလာနေကြပြီ၊ ဒါမဲ့ သူတို့ စစ်ကြောင်းနဲ့ တိုးရင်တော့ စစ်ဆေးမှုတွေတော့ ရှိနေဆဲပဲ” ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် ဥယျာဉ်ခြံသို့ သွားသည့်ဒေသခံများအပါအဝင် ရေး – သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်၌ ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စ သွားလာသည့် သူများလည်း စစ်ကော်မရှင်တပ် စစ်ကြောင်း၏ စစ်ဆေးမှုများကို ခံနေရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ ဒေသခံအများစုသည် စီးပွားရေးလုပ်ငန်းများအနက် အထူးသဖြင့် ရော်ဘာခြံနှင့် ကွမ်းသီးခြံလုပ်ငန်းများကိုသာ အဓိက အားထားနေရသည်။

“ခြံသွားလည်း ကြောက်ရတယ်။ ခရီးသွားလာတာလည်း ကြောက်ရတယ်။ ရွာထဲမှာရှိလည်း ကြောက် ရတာပဲ၊ ခြံသွားလို့ တွေ့ရင်လည်း ဖမ်းတယ်။ ခရီးသွားလာရင်လည်း စစ်ဆေးတယ်။ အခက်အခဲတွေ အများကြီးရှိတယ်”ဟု အခြား ရေးဒေသခံတစ်ဦးက ပြောသည်။

စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ဒေသခံတို့၏ ဖုန်းများ၊ ဆိုင်ကယ်များကို အဓမ္မသိမ်းဆည်းပြီး ဒေသခံများကိုလည်း နှစ်ရက်မှ သုံးရက်ခန့် ဖမ်းဆီးထားပြီးနောက် ပြန်လည်လွှတ်ပေးသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

၎င်းအပြင် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင်လည်း ဘောလုံးကန်နေသည့် လူငယ်တို့၏ ဆိုင်ကယ်များကိုလည်း အဓမ္မသိမ်းဆည်းကာ ငွေကြေးအမြောက်အမြားဖြင့် ပြန်လည်ရွေးယူခိုင်းသည်ဟု သိရသည်။

“စစ်တဲ့အချိန်မှာ တွေ့တဲ့ဟာ အကုန်သိမ်းတာပဲ။ ဖုန်းဆိုရင် ပြန်မရဘူး။ ဆိုင်ကယ်ဆိုရင် ပိုက်ဆံနဲ့ ပြန်ရွေး၊ ရွာထဲလာရင်လည်း ကလေးတွေကျောင်းပိတ် ရက်မှလာတာ၊ လမ်းမှာထားထားတဲ့ ကလေးတွေရဲ့ ဆိုင်ကယ်ကို ကြိုက်သလိုသိမ်းတယ်”‌ ဟု အထက်ပါသူက ပြောသည်။

ထို့ကြောင့် လူငယ်များနှင့် ဒေသခံတို့က အပြင်သွားလာရာတွင် စိုးရိမ်မှုများ ရှိနေပြီး မဖြစ်မနေသွားလာရသည့်အခါတွင်လည်း သတိဖြင့်သွားလာနေကြရသည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် ယနေ့အထိ လှုပ်ရှားသွားလာနေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲသည် ကျေးရွာအတွင်းသို့ ဖြစ်ပွားလာမည်ကို ရေးမြောက်ပိုင်းဒေသခံတို့က စိုးရိမ်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts