ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်တွင် လမ်းပြက ဦးဆောင် ခေါ်လာသည့် တရားမဝင် မြန်မာနိုင်ငံသား ၄၂ ဦးကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် စံခလပူရီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နမ်ကစ်ပူးပေါင်းစစ်ဆေးရေးဂိတ် ကင်းလှည့်ရဲတပ်ဖွဲ့၊ အမှတ် (၁၃၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် လတ်ယာအထူးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်လူးကျေးရွာအုပ်စု၊ အမှတ် (၈) ကျွဲကောခြံဝင်းအတွင်း ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် အဆိုပါ ကျွဲကောခြံဝင်း အနောက်ဘက်ရှိ တောစပ်တွင် အမျိုးသားနှင့် အမျိုးသမီး အစုလိုက် ပုန်းအောင်း ထိုင်နေကြသည်ကို မသင်္ကာဖွယ် တွေ့ရှိခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ လမ်းပြအဖြစ် အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်သန်းတိုးနှင့်အတူ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄၂ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များက ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထားများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ရာ မည်သည့် တရားဝင် သက်သေခံအထောက်အထားကိုမျှ ပြသနိုင်ခြင်း မရှိသည့်အပြင် ထိုင်းဘာသာစကားကိုလည်း နားလည်ပြောဆိုနိုင်ခြင်း မရှိကြပေ။
အာဏာပိုင်၏ စုံစမ်းမေးမြန်းချက်များအရ အဆိုပါ မြန်မာလုပ်သားများသည် ကန်ချနဘူရီမြို့အတွင်းသို့ ဆက်လက်ထွက်ခွာရန်အတွက် ယခုကျွဲကောခြံအတွင်း၌ ခေတ္တပုန်းအောင်းကာ လာရောက်ခေါ်ဆောင်မည့် မော်တော်ယာဉ်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက စကားပြန်တစ်ဦးမှတစ်ဆင့် ဖမ်းဆီးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၎င်းတို့အား ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် စွဲချက်ဖြင့် အမှုဖွင့်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။
Photo credit – Kanchanaburi News




