Homeသတင်းတနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့်ကျေးရွာအချို့တွင် ဝမ်းရောဂါဖြစ်ပွားသူများရှိနေ

တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့်ကျေးရွာအချို့တွင် ဝမ်းရောဂါဖြစ်ပွားသူများရှိနေ

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါဖြစ်ပွားသူများ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဩဂုတ် ၁၈ ရက်မှစတင်၍ တနင်္သာရီမြစ်အနီးရှိ ကျေးရွာ ၂၀ ကျော်နှင့် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာအချို့မှ ဒေသခံများ နီးစပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း တနင်္သာရီမြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လာသူများအား လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် နေ့စဉ်စားသောက်ရေးကို ဖြေရှင်းပေးနေသော်လည်း မပြောင်းရွှေ့နိုင်သေးသည့် နေအိမ်ရှိရေဘေးသင့် ဒေသခံများ သောက်သုံးရေ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်။

“သောက်သုံးရေမသန့်ရှင်းတာတွေကြောင့် ဝမ်းရောဂါဖြစ်နေကြတာ ရှိတယ်။ အဲဒါကြောင့် သောက်သုံးရေရဖို့ မျှော်နေကြတယ်။ ကယ်ဆယ်ရေးသမားတွေကလည်း သွားရောက်လှူဒါန်းပေးနေပါတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ သောက်သုံးရေနဲ့ အစာခြောက်တွေ အများကြီးလိုအပ်နေပါတယ်” ဟု အထက်ပါ ကယ်ဆယ်ရေးအဖွဲ့ဝင်က ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် လစဉ်သုံးပစ္စည်းများ၊ နာတာရှည်ရောဂါသည်များအတွက် အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

“တနင်္သာရီမြစ်ရိုးတစ်လျှောက်က ရွာတွေအကုန်လုံးလိုလို မြုပ်နေတယ်။ တချို့ရွာတွေက အကုန်မြုပ်ပြီး တချို့ကတော့ နေလို့ရသေးလို့ နေနေကြတယ်။ လောလောဆယ် တနင်္သာရီမြို့ပေါ်မှာ ခန်းမနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးစခန်းဖွင့်ပေးထားပါတယ်။ ရေဘေးစခန်းက ၆ နေရာလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်နှင့် ဘုန်းကြီးကျောင်းများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေထောင်ဂဏန်းအထိ ရှိနေကြောင်းလည်း သိရသည်။

တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်-တနင်္သာရီ- ကော့သောင်းလမ်းပိုင်းအချို့တွင် ရေကျော်နေပြီး ယနေ့အထိ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးပေ။

ရေးကြီးရေလျှံမှုဖြစ်ပွားပြီးနောက် မသန့်ရှင်းသောရေနှင့် အစားအစာများကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အူယောင်ငန်းဖျား၊ အရေပြားနှင့် ငှက်ဖျားရောဂါများအပြင် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်သဖြင့် ကျန်းမာရေးသတိရှိရန်နှင့် အချိန်မီဆေးကုသရန်လည်း ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts