ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြင်နယ်မြို့နယ်အချို့တွင် စက်လှေအသုံးပြုသွားလာနေရပြီး ဝန်ပိုတင်ဆောင်မှုနှင့် ပေါ့ဆမှုများကြောင့် စက်လှေစီးခရီးသည်များ ဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သိရသည်။
စက်လှေများဖြင့် တစ်ရွာမှတစ်ရွာဆက်သွယ်သွားလာခြင်း၊ နေ့စဉ်ကျောင်းအကြိုအပို့နှင့် ကုန်ပစ္စည်းများတင်ဆောင်ရန် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ ပိုမိုအသုံးပြုလာရသည်။
မြစ်ရေကြီးခြင်းဖြစ်နေသည့် ဒေသတွင် စက်လှေအလုံအလောက်မရှိသည့်အပြင် ရေစီးနှုန်း ပိုမိုပြင်းထန်လာခြင်း၊ ရေအောက် အတားအဆီးများကို မမြင်နိုင်ခြင်း၊ လှေများတွင် ခရီးသည်၊ ကုန်ပစ္စည်းအလေးချိန် ပိုမိုတင်ဆောင်ခြင်းနှင့် လှေသမားများ၏ ပေါ့ဆမှုများကြောင့် စက်လှေတိမ်းမှောက်မှု မကြာခဏဖြစ်နေသည်။
နေ့စဉ် ခရီးသွားရာနှင့်ချီ ဖြတ်သန်းနေသည့် မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းရှိ ရေကြီးနစ်မြုပ်နေသော လှိုင်ကနီ-တောင်ပေါက် ကျေးရွာကြားတွင် သြဂုတ်လအတွင်း စက်လှေတိမ်းမှောက်မှု ၃ ကြိမ်ထက်မနည်းဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လှေကလည်း နည်းတယ်၊ ဘုရားသုံးဆူဘက်ကိုသွားတဲ့ ခရီးသွားတွေကလည်း များနေတယ်။ အဲဒါကြောင့် လူနဲ့ ပစ္စည်းတင်ဆောင်ရမယ့် ပမာဏကို သတ်မှတ်ရခက်တယ်။ အဲကြောင့် လှေတစ်စီးကို လူဘယ်နှစ်ယောက်စီးလို့ရလဲဆိုတာ သတ်မှတ်ထားတာမရှိဘူး။ ပစ္စည်းကလည်း တင်လို့ရသလောက် တင်နေတယ်။ ” ဟု လှိုင်ကနီကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းအပြင် စည်းကမ်းမဲ့မောင်းနှင်မှုနှင့် အရက်သေစာသောက်စားထားခြင်းများကြောင့်လည်း နစ်မြုပ်မှုဖြစ်နေရကြောင်းလည်း သိရသည်။
ရေမြင့်တက်လာမှုကြောင့် ကားများဖြင့် သွားလာ၍မရသေးသည့်အတွက် စက်လှေများကို ဆက်လက် အသုံးပြုရမည်ဖြစ်သဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ချက်မရှိဘဲ တင်ဆောင်နေခြင်းနှင့် အလုပ်ချိန်အတွင်း အရက်သေစာ သောက်စားခြင်းမှ သတိပြုရန်လည်း လိုသည်ဟု ဒေသခံများက တိုက်တွန်းသည်။
သြဂုတ်လ ၂၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းက ကော့ခိုက်-နွားခြံကုန်းကျေးရွာတွင် လူ ၈ ဦး၊ ဆိုင်ကယ် ၂ စီးနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်မှုခဲ့ပြီး ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ရသည်။
ကော့ကရိတ် ဒေသခံတစ်ဦးက “ ဒီလိုရေစီးကြမ်းနေတဲ့အချိန်မှာ ရေမကူးတတ်သူတွေက လှေမြုပ်မယ်ဆိုရင်တော့ သေနိုင်ခြေက ပိုများတယ်။ အဲကြောင့် လှေသမားတွေကလည်း ဒီလိုလူတွေကို အသက်အန္တရာယ်မဖြစ်စေဖို့ ဂရုပြုပေးသင့်တယ်။ ” ဟု ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ကရင်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော မြစ်များသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေဆဲဖြစ်ပြီး ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေဆဲဖြစ်သည်။
ရေကြီးရေလျှံနေသည့် ကာလအတွင်း စက်လှေမောင်းနှင်သူများအနေဖြင့် ခရီးမထွက်မီ စက်လှေ၊ အင်ဂျင်၊ ဆီတိုင်ကီ၊ လှေကိုယ်ထည်၊ စက်လှေ၏ ရေဝင်ရောက်မှု ရှိ၊ မရှိနှင့် ရေစုပ်ကိရိယာများကို ကြိုတင်စစ်ဆေးသင့်ပြီး ခရီးသွားပြည်သူများအနေဖြင့် မိုးရွာသွန်းမှုအခြေအနေ ဆိုးရွားနေပါက ခရီးစဉ်ကို ရွေ့ဆိုင်းသင့်ကြောင်းလည်း ရေအတက်အကျ အခြေအနေကျွမ်းကျင်သူများက တိုက်တွန်းလျှက်ရှိသည်။



