Home သတင်း မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်အများစု ကားလမ်းမပေါ်  ရေကျော်ပြီး သွားလာရေးခက်ခဲ

မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်အများစု ကားလမ်းမပေါ်  ရေကျော်ပြီး သွားလာရေးခက်ခဲ

မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်အများစုတွင် နှစ်ရက်ဆက်တိုက်မိုးသည်းထန်ရွာသွန်းနေပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ကားလမ်းမများပေါ်  ရေကျော်နေကြောင်း  မြို့ခံများထံမှသိရသည်။

အမှတ် ၈ လမ်းမကြီးအပါအဝင်  မော်လမြိုင် ၊ ပေါင်၊ မုဒုံ၊ ရေးမြို့နယ်ရှိ  မြို့ပေါ်ကားလမ်းများ ရေကျော်နေပြီး ရေစီးပြင်းနေသဖြင့် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားရကြောင်း  မြို့ခံများမှ သိရသည်။

မော်လမြိုင်မြို့ခံတစ်ဦးက “ မြို့ပေါ်မှာ နေ့လည်လောက်မှ ရေတင်နေတာ မိုးကဆက်တိုက်ကို ရွာနေတယ် နားတောင်မနားဘူး ချောင်းတွေရေပြည့်နေတော့ ရွာသမျှမိုးက လမ်းတွေပေါ်ကို ရောက်လာတယ်။ ဖက်ခင်းဘက်ကတော့ ဆိုင်ကယ်တွေ အခြားဖက်ပတ်မောင်းလိုက်ရတယ်။ ” ဟု ၎င်းကပြောသည်။

ပေါင်မြို့နယ်တွင်လည်း တောင်ကျရေကြောင့် ချောင်းရိုးများအားလုံး ရေအပြည့်ရှိနေပြီး ကားလမ်းပေါ် ရေ ၆ လက်မခန့် ကျော်လာပြီးဖြစ်သည်။

မိုးဆက်တိုက်ရွာနေဆဲဖြစ်သဖြင့် အရေးပေါ်ပြောင်းရွေ့ရန်လိုအပ်လာပါက နီးစပ်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်အကူညီတောင်းခံရန်လည်း လူမှုကူညီရေးအဖွဲ့များ တိုက်တွန်းထားသည်။

ကားလမ်းရေကျော်နေသည့် နေရာများတွင်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးပူးပေါင်းအဖွဲ့များ လမ်းကြောင်းပြ လမ်းရှင်းကူညီဆောင်ရွက်နေကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးနှင်း မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီးရေလျှံမှု သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

Enable Notifications OK No thanks