မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအုပ်စုအတွင်း ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ချောင်းအနီးနေထိုင်သူများ စတင် ပြောင်းရွှေ့နေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းတွင် ကျောင်းရွာ၏ ချောင်းရေသည် ၈ ပေ ကျော်ထိ မြင့်တက်လာပြီး မိုးဆက်လက်ရွာသွန်းမှုကြောင့် ထပ်မံမြင့်တက်နိုင်ကြောင်း ရွာခံများကပြောသည်။

ထို့ကြောင့် ချောင်းအနီးနေထိုင်သည့် ရွာခံများ သြဂုတ်လ ၂၀ ရက်နေ့ အရေးပေါ်ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြကြောင်း ဆိုသည်။
“ ကျောင်းရွာကနေ အခြားရွာကိုလဲ သွားလို့မရဘူ။း တခြားရွာကလဲ လာလိုမရတော့ဘူး ကျောင်းရွာရပ်ကွက်မှာဆို ရေဝင်နေပြီး။ ပြောင်းတဲ့သူက ပြောင်းနေတယ်။ ချောင်းရေက တိုးလာနေတာ ညနေက ၈ ပေ အခုကျော်နေပြီး မိုးက ဆက်တိုက်ရွာနေတော့ တက်ဖို့ပဲ ရှိတယ်။ ” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။
၎င်းအပြင် ရေကျော်နေသည့် ကားလမ်းပေါ် တွင် ရေစီးသန်နေသည့်အတွက် ဆိုင်ကယ်နှင့် ကားများလည်း ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းရွာကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြောင်းရွေ့နေထိုင်နေသည့် စစ်ဘေးရှောင်များလည်း ရေဘေးကြောင့် ထပ်မံ ပြောင်းရွှေ့ရနိုင်ကြောင်း ရွာခံများက ပြောသည်။
မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်အများစုတွင် နှစ်ရက်ဆက်တိုက်မိုးသည်းထန်ရွာသွန်းနေပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ မြေနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှုဖြစ်နေကြောင်း မြို့ခံများထံမှသိရသည်။




