မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်သည့် နယ်ဝေးခရီးသွားများထံ ငွေကြေးကောက်ခံမှုများ ပိုမိုဆိုးရွားလာနေကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများက ပြောသည်။
ယခင်က ယာဉ်မောင်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုများ ရှိခဲ့သော်လည်း ယခုတွင် ခရီးသည်များကို ကိုယ်တိုင်စစ်ဆေးပြီး နယ်ဝေးခရီးသည်တစ်ဦး ၂၀,၀၀၀ ကျပ် ထက်မနည်း မဖြစ်မနေ ပေးဆောင်နေရကြောင်း အဆိုပါ လမ်းကြောင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ မပေးရင် အချိန်ကြာကြာ စစ်ဆေးတာတွေ၊ မေးမြန်းတာမျိုးတွေ လုပ်တယ်။ ခရီးသည်တွေကလည်း ခရီးစဉ်ကြန့်ကြာမှာစိုးလို့ တောင်းတဲ့ငွေကို ပေးနေကြရတယ်။ အရင်ကတော့ ဆွေးနွေးညှိနှိုင်းလို့ ရတယ်။ အခုက နယ်ဝေးမှတ်ပုံတင်တစ်ခုဆိုရင် ကျပ်နှစ်သောင်းပဲ။ အဲပိုက်ဆံကတော့ ခရီးသည်တွေ ပေးရတယ်။" ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
နယ်ဝေးခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင်စစ်ဆေးမှုများအပြင် ခရီးသွားလာသည့် အကြောင်းအရင်း၊ သွားမည့်နေရာနှင့် ခရီးစဉ်အခြေအနေများ မေးမြန်းခံရပြီး ငွေကြေးပေးဆောင်ပြီးမှသာ ခရီးဆက်ခွင့်ရှိကြောင်း သိရသည်။
ထို့ကြောင့် ခရီးသည်များ သတ်မှတ်ထားသည့် ခရီးစရိတ်ထက် အကုန်ကျများသည့်အပြင် အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းခံနေရသဖြင့် ခရီးကြန့်ကြာမှုများ ရှိနေကြောင်း အဆိုပါလမ်းပိုင်းတွင် ခရီးသွားလာနေသူတစ်ဦးက ဆိုသည်။
“နယ်ခံကားသမားတွေကတော့ နယ်ဝေးကလူတွေဆိုရင် သိပ်မတင်ချင်ကြဘူး။ အဲအဘစ်ဂိတ်မှာ အလုပ်မရှုပ်ချင်လို့၊ ရှောင်ကြတယ်။ အရင်ကတော့ ကားသမားတွေက နယ်ဝေးခရီးသည်တွေကို ကားခများများတောင်းပြီး သူတို့ကပဲ ဂိတ်ကြေးပေးနေတာ"ဟု သူက ဆိုသည်။
ကုန်တင်ယာဉ်မောင်းများလည်း ယာဥ်တစ်စီးလျှင် ငွေကျပ် ၃၀၀,၀၀၀ ဝန်းကျင်အထိ ပေးဆောင်နေရပြီး အချို့မှာ ငွေကြေးအပြင် ကုန်ပစ္စည်းများကိုပါ ပေးဆောင်နေရသည်။
ထိုအပြင် ဒေသတွင်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များကလည်း သတ်မှတ်ချက်မရှိသည့် ငွေညှစ်တောင်းခံမှုများလည်း ရှိနေသည်။
စစ်ကော်မရှင်၏ အဘစ်စစ်ဆေးရေးဂိတ် တည်ရှိရာ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းပိုင်းသည် မွန်ပြည်နယ်မှ ကရင်ပြည်နယ်သာမက ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ဘက်သို့ သွားလာရာတွင် အသုံးပြုသည့် အဓိကကားလမ်းပိုင်းတစ်ခု ဖြစ်သည်။
အဆိုပါ ကားလမ်းပိုင်းတွင် ဒေသခံခရီးသွားများ၊ နယ်ဝေးခရီးသည်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ နေ့စဉ်ရာချီနီးပါး ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။



