တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦး သေဆုံးပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့အခြေစိုက် ခလရ (၁၀၄) မှ လက်နက်ကြီးနှစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။
အဆိုပါ လက်နက်ကြီးသည် ကျောက်ဆင်ကျေးရွာအတွင်းရှိ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ဝင်းအတွင်း ရှိနေသည့် ဦးသန်းအောင်နှင့် သားဖြစ်သူ ကိုပြည့်အောင်တို့ ဒဏ်ရာအပြင်းအထန်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ရသည်ဟု လောင်းလုံး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ်တာက နှစ်လုံး။ လက်နက်ကြီးက အိမ်နောက်ဖေးမှာ ကျတာ၊ သူတို့က အဲဒီနားလေး အလုပ်လုပ်နေကြတာ။ နှစ်ယောက်စလုံး သေသွားတယ်။ ကျတာက အိမ်ဝင်းမတူဘူး။ သားအဖနှစ်ယောက် ထိသွားတာက အိမ် ၃ လုံးကြားမှာ ကျတာဆိုတော့ အိမ်လည်း ပျက်စီးသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးခဲ့သည့် သားအဖနှစ်ဦးကို သြဂုတ် ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ဆင်ကျေးရွာ သုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ပထမအကြိမ် ကျရောက်ပေါက်ကွဲမှုတွင် အမျိုးသမီးတစ်ဦး နားရွက်တွင် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် ကျောက်ဆင်ရွာအပါအဝင် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများသည် လုံခြုံရေးအခြေအနေ စိုးရိမ်နေရကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“နည်းနည်းငြိမ်ပြီ ထင်တာ၊ ရုတ်တရက် ပစ်လိုက်တော့ ဘာမှန်းတောင် မသိလိုက်ဘူး။ အရင်ကလည်း ပစ်နေတာပဲ၊ တိုက်ပွဲလည်း မဖြစ်ဘူး၊ ဒီဘက်ရွာက ထိတာမရှိဘူး။ စစ်ကြောင်းထိုးတာတွေပဲ ရှိတာ၊ သူတို့ထိုးချင်တဲ့အချိန် ထိုးတာပဲ။ အခုတော့ ထပ်ပစ်မှာကို အကုန်ကြောက်နေကြတယ်၊ အနီးနားက ရွာတွေလည်း စိုးရိမ်နေကြတာ” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း မေလနှောင်းပိုင်းမှစ၍ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုအခြေအနေ ရှိနေပြီး စစ်တပ်က ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက် ပြုလုပ်နေသည်။




