Homeသတင်းစစ်ရှုံး စစ်အုပ်စုက ရခိုင်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

စစ်ရှုံး စစ်အုပ်စုက ရခိုင်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

-

စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြိုများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် နံနက် ၁၂ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံး၍ နေအိမ် ၃ လုံးပျက်စီးသွားခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူနှင့် ဧရာဝတီတို့တွင် စစ်အုပ်စုသည် အာရက္ခတပ်တော် (AA)နှင့် မဟာမိတ်အဖွဲ့တို့ကို စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့် ရခိုင်အရပ်သားပြည်သူတို့အား ဦးတည်၍ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း DMG အယ်ဒီတာချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မင်းဦးက IMNA ကို ပြောသည်။

“ရခိုင်ကို စစ်အုပ်စုကနေပြီးတော့ လေကြောင်းတိုက်ခိုက်နေတာကျတော့ ဧရာဝတီဖက်မှာ စစ်အုပ်စုအနေနဲ့ အကျအဆုံးတွေ တော်တော်များတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေ တန်ပြန်ထိုးစစ်ပေါ့၊ အဲဒါကို စစ်အုပ်စုက မခံနိုင်ဘူး။ အဲဒီမှာ စစ်တပ်ဖက်က အကျအဆုံးတွေ တော်တော်များတယ်။ နောက်တစ်ခုက ရခိုင်ပြည်ထဲမှာဆိုရင်လည်း ကျောက်ဖြူဖက်မှာဆိုရင် အကျအဆုံးတော်တော်များတယ်။ သူတို့ စခန်းတွေ ဆုတ်ပေးရတာတွေရှိတယ်။ ဧရာဝတီဖက်မှာ ဆိုရင်လည်း အဲလိုပါပဲ သူတို့ စခန်းတွေ ဆုတ်ပေးရတယ်။ အသေအပျောက်တွေ တော်တော်များတော့ ရခိုင်ပြည်သူလူထုကိုပဲ ဦးတည်ပြီးတော့ ဗုံးကြဲတယ်၊ လေယာဉ်အုပ်စုလိုက်နေပြီးတော့ ဗုံးကြဲတာတွေ ရှိတယ်။ အဲဒါကြောင့် ရခိုင်ဖက်မှာလည်း အသေအပျောက်တွေ ပြည်သူ့အဆောက်အအုံတွေပေါ့နော် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးတာ တော်တော်များတယ်” ဟု ပြောသည်။

AA ထိန်းချုပ်ထားသည့် နယ်မြေများကို ဧရာဝတီ၊ မကွေး၊ ပဲခူးဒေသတွေမှတဆင့် ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေကြောင်း၊ သို့သော်လည်း အဆိုပါ ထိုးစစ်များက အောင်မြင်မှုမရဘဲ အသေအပျောက်များဖြင့်သာ ကြုံနေရကြောင်း ဦးအောင်မင်းဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့အနီးတစ်ဝိုက်ကို လေကြောင်းကနေ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သားအဖနှစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် ပြည်သူလူထုတို့ အေးအေးချမ်းချမ်းဖြင့် နေထိုင်၍မရအောင် စစ်အုပ်စုက လေကြောင်းမှတဆင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံတစ်ဦးက IMNA ကို ပြောသည်။

“စစ်ရေးအရ ခြိမ်းခြောက်တာတော့ မဟုတ်ဘူးပေါ့။ အဓိကတော့ ပြည်သူတွေကို ခြိမ်းခြောက်တာပေါ့၊ ပြောရမယ်ဆိုရင် သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို သူတို့ မအုပ်ချုပ်ရလို့ရရှိရင် ဒေသခံ ပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်း နေလို့မရတဲ့ ပုံစံမျိုးပေါ့၊ နေလို့မရတဲ့ ပုံစံမျိုးဖြစ်အောင် အဓိက လုပ်နေတယ်လို့တော့ ကျနော်တို့ မြင်တာပေါ့” ဟု ပြောသည်။

စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများ ပြန်လည်ရရှိရန် မြေပြင်ထိုးစစ်များမှ ကြိုးပမ်းနေသော်လည်း ဝင်ရောက်နိုင်ခြင်း မရှိဘဲ အရှုံးများဖြင့်သာ ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အုပ်စုအနေဖြင့် ရခိုင်အတွင်းက မြို့များကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ရာတွင် လေယာဉ်အုပ်စုလိုက် ပျံသန်း၍ တိုက်ခိုက်မှုများလည်း ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

ရခိုင်အရပ်သားပြည်သူများကို ဦးတည်၍ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်နေသော်လည်း အကြောက်တရားထက် ပြန်၍ ခုခံလိုစိတ်များသာ ပြည်သူများက ဖြစ်ပေါ်နေကြောင်း ဦးအောင်မင်းဦးက ဆက်ပြောသည်။

“စစ်တပ်ကနေပြီးတော့ အာရက္ခတပ်တော်ကို မနိုင်တဲ့အခါ ပြည်သူကို အကြောက်တရား ဝင်သွားအောင်ဆိုပြီးတော့ သူတို့က နည်းဗျူဟာအမှားနဲ့ပေါ့နော် သူတို့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အဲဒါတွေက ကျနော်တို့ သုံးသပ်တာ နည်းဗျူဟာအမှားလို့ သုံးသပ်တယ်။ ဘာလို့ဆို ပြည်သူတွေက အကြောက်တရားထက် စစ်အုပ်စုကို နာကြည်းမှုတွေ ပြန်ပြီးတော့ ခုခံချင်စိတ်တွေ အဲလိုပေါ်လာတာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုကို လုပ်တဲ့ဟာက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း သူတို့က လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုပြီးတော့ လုပ်နေတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ပြည်သူတွေအတွက် အာရက္ခတပ်တော်အတွက် အားဆေးတစ်ခု ဖြစ်နေတာပေါ့နော်၊ ပြည်သူတွေရဲ့ ထောက်ခံမှုကို ပိုပြီးတော့ ရစေတယ်။ စစ်တပ်က ပြည်သူကို ဦးတည်ပြီးတော့ ဗုံးကြဲသတ်ဖြတ်နေတာက မဟာဗျူဟာအမှားလို့ ကျနော်တို့ကတော့ အဲဒီလိုမျိုး သုံးသပ်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူတို့တွင်လည်း စစ်အုပ်စုနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။

အဆိုပါ AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များရှိ အရပ်သားပြည်သူတို့ကို စစ်အုပ်စုက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ရခိုင်ဒေသတစ်ခုလုံး လေကြောင်းရန်ကို “အချိန်ပြည့်” အထူး ဂရုစိုက်ကြရန် AA က တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts