Home သတင်း ခုခံထွက်ပြေးသည့် ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ခုခံထွက်ပြေးသည့် ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူး ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနက ဒုအကောက်ခွန်မှူးသည် ဖမ်းဆီးထိန်းသိမ်းထားစဉ် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒုအကောက်ခွန်မှူး ဖြိုးစံကို ‎လောင်းလုံမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးတွင် အမှတ် ၈၀၀၃ တပ်ရင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဇူလိုင်လ ၂၀ ရက်နေ့က စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒုအကောက်ခွန်မှူး ဖြိုးစံသည် ဖမ်းဆီးထိန်းသိမ်းထားစဉ် စစ်ကော်မရှင်တပ်များ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကို အခွင့်ကောင်းယူကာ လုံခြုံရေးရဲဘော်ထံမှ လက်နက်လုယူ၍ ပြန်လည် ခုခံထွက်ပြေးခဲ့သည်ဟု နည်းဗျူဟာ ၃၃ က ထုတ်ပြန်ထားသည်။

ထိုသို့ ပြန်လည်ခုခံထွက်ပြေးသည့် ဒုအကောက်ခွန်မှူးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေရာ၌ပင် အပြတ်ရှင်းလင်း ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြန်လည်ခုခံရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးပမ်းသူ မည်သူမဆို ဒုအကောက်ခွန်မှူးကဲ့သို့ ပွဲချင်းပြီး ရှင်းလင်းခံရမည်ဖြစ်ကြောင်း နည်းဗျူဟာ ၃၃ က သတိပေးထားသည်။

စစ်ကော်မရှင် ယန္တရားတွင် ပါဝင်နေသူများအနေဖြင့် အချိန်မလွန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် လူထုကို ဒုက္ခပေးသူတိုင်းသည် တူသောအကျိုး ပြန်ခံရမည်ဟုလည်း နည်းဗျူဟာ ၃၃ က ထုတ်ပြန်ထားသည်။

ဒုအကောက်ခွန်မှူး ဖြိုးစံသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓါတ်ငွေ့တူးဖော်ရေးအခြေအနေများနှင့် စက်ပစ္စည်းများ စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု နည်းဗျူဟာ ၃၃ က ဆိုထားသည်။

Enable Notifications OK No thanks