ကရင်ပြည်နယ်၊ ကြားအင်ဆိပ်ကြီးမြို့ပေါ် တွင် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့များက ညမထွက်ရအမိန့်ကို သြဂုတ် ၁၁ ရက်နေ့မှစ၍ အနည်းငယ် ဖြေလျှော့ပေးထားကြောင်း မြို့ခံများထံမှ သိရသည်။
ယခင်က နံနက် ၆ နာရီမှ ည ၆ နာရီအထိ သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ရုပ်သိမ်း၍ နံနက် ၅ နာရီမှ ည ၈ နာရီအဖြစ် ပြောင်းလဲလိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံနှိုးဆော်ထားသည်ဟု ကြာအင်းဆိပ်ကြီး မြို့ခံတစ်ဦးက ဆိုသည်။

“ အဝေးက ပြန်လာတဲ့သူတွေနဲ့ ဈေးရောင်းဈေးဝယ်တွေရဲ့ အခက်ခဲကြောင့် ဖြေလျှော့တာလို့ ထင်ပါတယ်။ ပြီးတော့ အရင်ကထက် ဒီဘက်က နည်းနည်း ငြိမ်းချမ်းလာတယ် ။တိုက်ပွဲကအစပေါ့နော် ပြဿနာဖြစ်တာလဲရှားတယ်။ အဲ့ဒါကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။ ” ဟု ပြောသည်။
သို့သော် လုံခြုံရေးအခြေအနေ စိုးရိမ်ရခြင်းနှင့် စစ်မှုထမ်းအမိန့်များ ရှိနေဆဲဖြစ်သဖြင့် မြို့ခံအများစုမှာ ပုံမှန်အတိုင်းသာ နေထိုင်သွားလာနေကြကြောင်းလည်း ဆက်ပြောသည်။
၄င်းအပြင် ညဈေးတန်းများအပါအဝင် လူစုလူဝေးဖြစ်စေသည့် လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
တစ်ဖက်တွင်လည်း ညမထွက်ရအချိန်ကို ဖြေလျှော့ထားခြင်းကြောင့် မြို့ခံများအတွက် ရောင်းဝယ်ရေး၊ ခရီးသွားလာရေးနှင့် အဝေးရောက်နေရာများမှ နေရပ်ပြန်လာသူများအတွက် အနည်းငယ်အဆင်ပြေမှုများရှိလာသည်ဟု ဒေသခံလူငယ်တစ်ဦးက ဆိုသည်။
“ ဈေးရောင်းနေတဲ့သူတွေအတွက် နည်းနည်းတော့ အဆင်ပြေတာပေါ့။ အဝေးက သွားလာရတဲ့သူတွေအတွက်ရောပေါ့နော်။ ဟိုတုန်းကဆို အကုန်လုံးအခက်ခဲဖြစ်နေကြတာ။ မာရှယ်လောထုတ်ပြီးကတည်းက ညဈေးတွေလဲမရှိတော့ဘူး။ ဘယ်မှလဲ သွားစရာ မရှိတော့ဘူးလေ။ ” ဟု သူက ပြောသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကော်မရှင်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟု ဆိုကာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ခဲ့သည်။
ဒေသအများအပြား စစ်ရေးတင်းမာနေချိန်နှင့် စစ်မှုထမ်းအတွက် ဖမ်းဆီးမှု အရှိန်မြှင့် လုပ်ဆောင်နေချိန် မြို့နယ်အချို့၌ ညမထွက်ရအမိန့် ပြောင်းလဲဖြေလျှော့လိုက်သည့် စစ်ကော်မရှင်၏ လုပ်ရပ်အပေါ် သတိပြုရန် တော်လှန်ရေး အင်အားစုများက အသိပေးလျှက်ရှိသည်။



