Homeဆောင်းပါး“တရုတ်လူမျိုးများ စိုးမိုးခြယ်လှယ်တော့မည့် ဘုရားသုံးဆူဒေသ”

“တရုတ်လူမျိုးများ စိုးမိုးခြယ်လှယ်တော့မည့် ဘုရားသုံးဆူဒေသ”

-

နေသူရိန်၊ သုံးသပ်ချက်ဆောင်းပါး။

ဘုရားသုံးဆူမြို့နှင့် ဘုရားသုံးဆူဒေသအား တရားမဝင် လာရောက်အခြေချနေထိုင်သော တရုတ်လူမျိုးများက လွှမ်းမိုးချုပ်ကိုင်သွားဖွယ်ရာများ ဖြစ်လာနိုင်သည်ဟု ဘုရားသုံးဆူဒေသအရေးကို လေ့လာသုံးသပ်နေသည့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ကာလက ဘုရားသုံးဆူဒေသ၏ စီးပွားရေးလုပ်ငန်းများကို ဒေသခံ ပင်တိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်အများစုက လွတ်လပ်စွာ လုပ်ကိုင်လာခဲ့ကြသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားသုံးဆူဒေသ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တို့ ချုပ်ကိုင်လာခဲ့သည့် အချိန်မှစ၍ ဘုရားသုံးဆူဒေသ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအခြေအနေများ ပြောင်းလဲသွားခဲ့သည်ကို တွေ့မြင်ရသည်။

ဘုရားသုံးဆူဒေသ၏ ပင်မစီးပွားရေးလုပ်ငန်းများဖြစ်သော ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း တရုတ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အတိုင်းအဝိုင်းများ DKBA နှင့် ပူးပေါင်းကာ တဖြေးဖြေးနှင့် ချုပ်ကိုင်လာခဲ့ကြသည်ကိုလည်း တွေ့နေကြရသည်။ တရုတ်များ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများသာမက ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ငွေလွှဲလုပ်ငန်းများတွင်လည်း တရုတ်တို့၏ အကျိုးတော်ဆောင်များက လုပ်ငန်းစားကျက်များကို ချဲ့တွင်လုပ်ကိုင်လာခဲ့ကြသည့် ကုန်သည်ပွဲစားအချို့သည်လည်း တရုတ်တို့နှင့် အကျိုးတူ ပူးပေါင်းပါဝင်သော သူတို့၏ လိမ်လဲမှုများကို ခံခဲ့ကြရသည်ဟုလည်း ကြားသိနေကြရပေသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်တို့၏ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်နေရာ (၁၂) ခုရှိပြီး တရုတ်တို့၏ လုံခြုံရေးနှင့် ကျားဖြန့်ဝန်ထမ်းများ ထွက်မပြေးနိုင်ရန်အတွက် လုံခြုံရေးအစောင့်များကိုလည်း တင်းကြပ်စွာ ချထားသည်ကိုလည်း ကြားသိနေရသည်။ ကျားဖြန့်ဝန်ထမ်းများသည် လစာကောင်းများ ရရှိနေသော်လည်း စာချုပ်ချုပ်ဆိုထားသည့် သတ်မှတ်အချိန်ကာလ ရောက်လာသည်အထိ အလုပ်လုပ်ပေးရမည်ဖြစ်ပြီး သတ်မှတ်ကာလ ပြီးဆုံး၍ အလုပ်မှ ထွက်ခွာလိုက်ပါက မိမိ၏နေရာတွင် အစားထိုး ဝင်ရောက် လုပ်ကိုင်ပေးမည့်သူကို ရှာပေးပြီးမှသာလျှင် အလုပ်မှ ထွက်ခွင့် ရှိသည်ဟု သတ်မှတ်ကာလ အချိန်ပြည့်၍ အလုပ်မှ ထွက်သွားသူ ပဲခူးတိုင်းဒေသဘက်မှ လူငယ်တစ်ဦးက ပြောဆိုဖူးသည်ကို အမှတ်ရမိသည်။

လွန်ခဲ့သည့် (၂၀၁၉ – ၂၀၂၀) ခုနှစ်လောက်က မြဝတီ ရွှေကုက္ကိုလ်ဘက်တွင် BGF – DKBA တို့၏ ဝန်းရံမှုဖြင့် တရုတ်တို့၏ ကျားဖြန့်လုပ်ငန်းများ ခေတ်စားနေချိန်တွင် ထိုင်းမြန်မာနယ်စပ်ဒေသတစ်ခု ဖြစ်သည့် ဘုရားသုံးဆူမြို့လေးတွင် လက်နက်ကိုင်အဖွဲ့အစည်းများက ဖွင့်ထားသော ကာစီနိုလောင်းကစားရုံမှ လွှဲ၍ တရုတ်များ၏ ကျားဖြန့်လုပ်ငန်းများ ပေါ်ပေါက်လာခြင်းမရှိသေးပေ။ တရုတ်များလည်း ဘုရားသုံးဆူဒေသတွင် အခြေချခြင်းမရှိကြသေးပေ။ (၂၀၂၁) ခုနှစ် စစ်တပ်က နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် မြဝတီ ရွှေကုက္ကိုလ်ဘက်ခြမ်းတွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို ထိုင်းအာဏာပိုင်များနှင့် KNU တို့၏ ဖမ်းဆီးမှုများမှ အစပြု၍ ဘုရားသုံးဆူဒေသသို့ တရုတ်များ တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

မြဝတီဒေသတွင် လုံခြုံမှု မရှိတော့သော တရုတ်များသည် စစ်အစိုးရနှင့် အပစ်ရပ်စဲထားသည့် DKBA ကလို့ထူးဘော စစ်ကွပ်ကဲရေးဌာန ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်း၏ အကူအညီနှင့် (၂၀၂၂) ခုနှစ် လောက်မှစ၍ ဘုရားသုံးဆူဒေသသို့ အခြေချ ဝင်ရောက်လာခဲ့ကြသည်။ တရုတ်များကို သယ်ဆောင်ခ အကျိုးအမြတ် အများအပြား ရရှိနေခြင်းကြောင့် တရုတ်လူမျိုး (၅၀၀၀) ကျော်ခန့် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာကြပြီး (၂၀၂၄) ခုနှစ်လောက်တွင် တရုတ်လူမျိုး (၁၀၀၀၀) နီးပါးခန့် ဘုရားသုံးဆူမြို့တွင် အခြေချကာ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ချုပ် ကိုင်နိုင်ရန်အတွက် ကြိုးပမ်းလာခဲ့ကြသည်ကို တွေ့မြင်နေရသည်။

ဘုရားသုံးဆူဒေသအတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသော တရုတ်လူမျိုးများသည် နယ်စပ်ဒေသ၏ စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်နိုင်ရန်အတွက် ဒေသတွင်း လုံခြုံရေးတာဝန်ယူထားသော DKBA ၏ အကူညီများဖြင့် ဒေသတွင်း မြေများကို ဝယ်ယူခြင်း အဆောက်အဦးများ တည်ဆောက်ခြင်း၊ မြို့တွင်း အချက်အချာကျသော နေရာများရှိ အဆောက်အဦးများကို မတန်မဆဈေးပေး၍ ငှားရမ်းခြင်း အဆောက်အဦးများတွင် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများ တည်ထောင်ခြင်း အမှတ် (၂) ရပ်ကွက်အပိုင် ဥဒေါင်းကန်ဘက်ခြမ်းတွင် စားသောက်ဆိုင်များ၊ KTV များ ဖွင့်ထားခြင်းတို့ကြောင့် တရားဥပဒေနှင့် မကင်းလွတ်သော ရာဇဝတ်မှုမျိုးစုံတို့သည်လည်း မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်ကိုလည်း မြင်တွေ့ ကြားသိနေရသည်။

ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာကြသော တရုတ်များ၏ ကျားဖြန့်ငွေလိမ်လုပ်ငန်းကို တားဆီးလိုသော ဆန္ဒဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူဒေသအား လျှပ်စစ်မီး၊ အင်တာနက်များကို ဖြတ်တောက်ခဲ့သော်လည်း တရုတ်တို့၏ အခြေအနေများမှာ ယိုယွင်းသွားခြင်းမရှိဘဲ ပိုမို၍ တိုးပွားလာခဲ့သည်ကို မြင်တွေ့နေရပေမည်။ ထိုသည်တို့မှာလည်း တရုတ်တို့ ကျောထောက်နောက်ခံဖြစ်အဖြင့် အားကိုးနေရသည့် DKBA တို့ကြောင့်ပင် ဖြစ်သည်။ မြို့တွင်း တရုတ်များ ရှုပ်ထွေးမှု မရှိစေရန်အတွက် DKBA ဗိုလ်မှူးချုပ် စောအေဝမ်း ပိုင်ဆိုင်သည့် ကျော့ဗလုကျေးရွာအနီးရှိ မြေဧက (၄၀) ခန့် ကျယ်ဝန်းသည့် ခြံကြီးအတွင်းရှိ အဆောက်အဦးများတွင် လည်းကောင်း ချောင်းဆုံရေတံခွန် ဖားနှစ်ကောင်ရှိ အဆောက်ဦးများတွင်လည်းကောင်း လုံခြုံရေး အစောင့်အရှောက်များနှင့် နေရာချထား နေထိုင်စေလျှက်ရှိသည်။ တရုတ်များကလည်း ၎င်းတို့၏ လုပ်ငန်းဖြစ်သော ကျားဖြန့်လုပ်ငန်းများကို ထိုနေရာတွင် ဆက်လက်၍ လုပ်ကိုင်နေကြလျှက်ရှိသည်။

တရုတ်နှင့် DKBA သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပင် ဖြစ်သည်။ မြဝတီနယ်စပ်ဒေသတွင် တရုတ်များ အခြေချနေထိုင်ရန် ခက်ခဲလာမှုများကြောင့် ဘုရားသုံးဆူ နယ်စပ်ဒေသဘက်သို့ တဖြေးဖြေး ပြောင်းရွှေ့ အခြေနေကြသော တရုတ်များ နေထိုင်ရန်အတွက် (၂၀၂၅ – ၂၀၂၇) ခုနှစ်အတွင်း DKBA ဗိုလ်မှူးချုပ် စောအေဝမ်းက ၎င်း၏ အာဏာစက်များ ဖြန့်ကျက်သည့် နေရာများဖြစ်သော ကြိမ်ချောင်း၊ ထီခိုင်၊ အိမ် (၇၀) အစရှိသောနေရာများတွင် အဆောက်အဦးပေါင်း (၄၀၀) ခန့် ဆောက်လုပ်လျှက်ရှိပြီး၊ ပြီးစီးသွားသော အဆောက်အဦးများတွင် တရုတ်လူမျိုးများ စတင်အခြေချ နေထိုင်နေကြလျှက်ရှိသည်ကိုလည်း ကြားသိနေရသည်။ DKBA နှင့် နီးစပ်သည့် အတိုင်းအဝိုင်းများ၏ ပြောဆိုချက်များအရ ၎င်းနေရာဒေသကို မြို့ငယ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးရန်လည်း ရှိနေသည်ဟု သိရသည်။

အောက်ခြေ အခြေခံလူတန်းစားများနှင့် ခြံလုပ်၊ ယာလုပ် လုပ်ငန်းများဖြင့် တည်ထောင်ရပ်တည်ခဲ့ရသော ဘုရားသုံးဆူမြို့လေးနှင့် ဘုရားသုံးဆူနယ်စပ်ဒေသသည် လွန်ခဲ့သည့်ကာလများကဲ့သို့ ရိုးသားခြင်း၊ တည်ငြိမ်ခြင်းများသည် တရုတ်လူမျိုးများ စတင်၍ အခြေချလာခဲ့သည့်အချိန်မှစ၍ ပြိုတော့မည့် မိုးကဲ့သို့ တဖြည်းဖြည်းနှင့် ညို့မှိုင်းလာကာ မကြားခင်ကာလအတွင်း တရုတ်လူမျိုးများ၏ စိုးမိုးခြယ်လှယ်ခြင်းကို ခံရတော့မည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ တင်ပြလိုက်ရပေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts