Home သတင်း ရေးမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့

ရေးမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့

မွန်ပြည်နယ်၊ ရေးမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသား တစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ရေးမြို့၊ သီရိခေမာရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းကစပြီး မကြာခဏဝမ်းသွားနေရာမှ ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့သည်။

ထိုမကြာခဏဝမ်းသွားနေသည့် အမျိုးသားကို စမ်းသပ်စစ်ဆေးခဲ့ရာ Cholera test kit positive ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

လက်ရှိတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသည့် အမျိုးသားသည် ဆေးကုသမှုခံယူနေရကြောင်း၊ ကျန်း‌မာရေး ကောင်းမွန်လာပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားသည် သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်သို့ သွားရောက်ခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် မိတ်ဆွေ ၂ ဦးနှင့်အတူ ရေးမြို့သို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့လူနာနှင့်အတူ ရန်ကုန်က ပြန်လာသည့် မိတ်ဆွေ ၂ ဦးကို Quarantine ထားရှိကာ စောင့်ကြည့်နေကြောင်းလည်း ဆိုသည်။

၎င်းပြင် ပြင်းထန်ဝမ်းပျက်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး ပိုးတွေ့လူနာ နေအိမ်နှင့် ပတ်ဝန်းကျင်ကို မြို့နယ်ကျန်းမာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ကလိုရင်းဆေးဖြန်းခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်က ပြန်လာသည့် ကျိုက္ခမီမြို့နေ အမျိုးသမီးတစ်ဦးတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသည်။

Enable Notifications OK No thanks