Home သတင်း ပုလော(လယ်မူလား) တွင် စစ်တပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲ ကလေးအပါ ၁၀ ဦးထက်မနည်း သေဆုံး

ပုလော(လယ်မူလား) တွင် စစ်တပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲ ကလေးအပါ ၁၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလော (လယ်မူလား) မြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးသည်ဟု မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်တွင် ပုလေား(လယ်မူလား) မြို့နယ်၊ တကူကျေးရွာထဲကို စစ်ကော်မရှင်တပ်က Jet Fighter-K8W လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ် Jet Fighter-K8W လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ထားဝယ်ခရိုင် KNU က ထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပုလော (လယ်မူလား) မြို့နယ်၊ တဖီလေးခိုကျေးရွာထဲကို စစ်ကော်မရှင်တပ်က Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦး၊ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းပြင် အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကော်မရှင်တပ် နှစ်ရက်ဆက်တိုက် လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တဖီလေးခိုကျေးရွာနှင့် တကူကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး ကရင်တိုင်းရင်းသား အများစုနေထိုင်သည်ဟု သိရသည်။‎

စစ်ကော်မရှင်တပ်က ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ဆက်တိုက်ပြုလုပ်နေပြီး မတ်လ ပထမအပတ်အတွင်း၌ပြင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်။ ‎‎

Enable Notifications OK No thanks