Sunday, March 8, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ပြန်လွတ်လာသည့် အကျဉ်းသား ၃၅၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦး ပါဝင်

    မွန်ပြည်နယ်တွင် ပြန်လွတ်လာသည့် အကျဉ်းသား ၃၅၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦး ပါဝင်

    -

    မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်းအသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသား ၃၅၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူများထံမှ သိရသည်။

    လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၉၂ ဦး၊ အကျဉ်းသူ ၆၈ ဦးနှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၆၂ ဦး ပါဝင်သည်။

    “ဒီတခါ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဦးစားပေးလွှတ်ပေးနေတယ်လို့ ထောင်မှူးက ပြောတယ်။ ဒီနေ့ (မတ် ၃) လည်း ထပ်လွှတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်အချိန်လွှတ်ပေးမလဲကိုတော့ မပြောဘူး။” ဟု ကျိုက်မရောအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၃၅၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

    လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၂၁၂ ဦး၊ မော်လမြိုင်အကျဉ်းထောင်မှ ၄၅ ဦး၊ သထုံအကျဉ်းထောင်မှ ၉၀ ဦး၊ ဇင်းကျိုက် ကုန်ထုတ်အကျဉ်းစခန်းမှ ၅ ဦးနှင့် ရင်းငြိမ် ကုန်ထုတ်အကျဉ်းစခန်းမှ ၃ ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    စစ်ကော်မရှင်က မတ်လ ၂ ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အမှုပေါင်း ကိုးထောင်ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

    လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား တစ်သောင်းကျော်ထဲတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦး ပါဝင်သည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

    နိုင်ငံရေးအကျဉ်းသား ၇၀၀၀ ကျော် ပြန်လွတ်ခဲ့သည်ဆိုရင်တောင် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား သောင်းကျော်ကျန်ရှိနေသေးသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

    “တကယ်တော့ အကျဉ်းထောင်တွေထဲမှာ နှစ်သောင်းကျော်သော နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံခဲ့ရတဲ့အထဲက အခု ခုနှစ်ထောင်လုံး လွတ်လာတယ်ဆိုရင်တောင် အကျဉ်းထောင်ထဲမှာ တစ်သောင်းကျော်သော နိုင်ငံရေးအကျဉ်းသားတွေ ကျန်အုံးမှာဖြစ်တယ်။” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်း ၅ နှစ်ကာလအတွင်း စစ်ကော်မရှင်မှ အကျဉ်းသားများကို လွတ်ငြိမ်းခွင့် မကြာခဏပေးနေသော်လည်း နိုိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းပါးပြီး ယခုအကြိမ်သည် နိုင်ငံရေးအကျဉ်းသား အများဆုံး ပါဝင်သည်။

    စစ်တပ်အနေဖြင့် လွှတ်တော်မခေါ်မီ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

    “ဒီမတ်လမှာ အစိုးရအသစ် ဖွဲ့စည်းမယ်။ ဒီအခြေအနေမှာ အပြုသဘောဆောင်တဲ့ သတင်းတွေကို နိုင်ငံတကာ သတင်းဌာနတွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားမှုတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်တွေ ရလာလိမ့်မယ်လို့ သူတို့ သုံးသပ်ထားတာရှိနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို သူတို့ စပြီးမှ လှမ်းနေပါပြီးဆိုတဲ့ ပုံစံမျိုး နိုင်ငံတကာကို သတင်းစကားပေးတယ်လို့ သုံးသပ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက သုံးသပ်သည်။

    စစ်ကော်မရှင်က ပြန်လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများသည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ခံဝန်ချက်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

    အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခံရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂၄၈၇ ဦး၏ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှ လွတ်ငြိမ်းခွင့်ပြုကြောင်း  ယမန်နေ့ တောင်သူလယ်သမားနေ့တွင် စစ်ကော်မရှင်မှ ထုတ်ပြန်သည်။

     ပုံ- CJ (မတ်လ ၃ ရက်နေ့က မွန်ပြည်နယ်အကျဉ်းထောင်၊ အချုပ်စခန်းအသီးသီးမှ လွတ်မြောက်လာသူများ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks