Sunday, March 8, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်းက စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဟုဆို

    တော်လှန်ရေးတပ်အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်းက စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဟုဆို

    -

    တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သေနတ်ပြောင်းလှည့်ခြင်း၊ တိုက်ခိုက်ခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ဖြစ်စေလိမ့်မည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ထုတ်ပြန် ပြောဆိုလိုက်သည်။

    ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကို လက်နက်နှင့် တိုက်ခိုက်ဖြေရှင်းခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးပြီး နှစ်ဖက်အဖွဲ့အစည်းမှ တော်လှန်ရေး ရဲဘော်များ ကျဆုံးသွားခဲ့ကြရကြောင်း (ဗကပ) က ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

    ၎င်းကိစ္စရပ်များသည် နှစ်ဖက် အဖွဲ့အစည်းအတွက် အကျိုးမရှိဘဲ ရန်သူသာ အမြတ်ထွက်စေကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာရပြီး တော်လှန်ရေးသမိုင်းက သင်ကြားပေးလိုက်သည့် သွေးနှင့် ရင်းခဲ့ရသော သင်ခန်းစာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခသည် ပြည်သူတွင်းပဋိပက္ခ၊ မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခသဖွယ် လက်နက်အင်အားသုံးပြီး မဖြေရှင်းသင့်ကြောင်း၊ ၎င်းဖြေရှင်းနည်းသည် စစ်အုပ်စုကိုသာ အကျိုးပြုသောနည်း ဖြစ်သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

    ဗမာတိုင်းရင်းသားနှင့် တခြားသော တိုင်းရင်းသားအကြား ညီညီညွတ်ညွတ်ဖြင့် နေထိုင်လာခဲ့ကြသော်လည်း နယ်ချဲ့စနစ်က သွေးခွဲသွားကြောင်း၊ လက်ရှိတွင်လည်း စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးခွဲနေကြောင်း ၎င်းကိစ္စကို သတိပြုနိုင်ရန် ပြောဆိုနေခြင်းဖြစ်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်လည်းဖြစ် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ကျမတို့မှာလည်း အတွေ့အကြုံတွေရှိတယ်ဗျ။ ဥပမာ- ကရင်တွေ၊ ကချင်တွေ အစောပိုင်းတွေပေါ့နော်။ ကျမတို့ ပါတီနဲ့ ၁၉၅၀ နဲ့ ပထမဦးဆုံး ပြည်တွင်းစစ် စကာစတုန်းကလည်း ဒီလိုပဲ။ အဲ့တော့ ကျမတို့ အချင်းချင်းကြားမှာ တိုက်ရင် ဘုံရန်သူ မျက်ခြည်ပြတ်သွားနိုင်တာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့လို့ တတ်နိုင်သမျှ ကိုယ့်အချင်းချင်းကြားမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဘုံရန်သူတိုက်ရေး၊ စစ်အုပ်စုတိုက်ရေးကိုပဲ အဓိကထားဖို့ လှုံ့ဆော်နေတာပါ။ အဲ့ဒီသဘောထားပါနော်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့လူဟူသမျှပေါ့နော်၊ လက်နက်နဲ့ တော်လှန်ရင် တော်လှန်၊ မြို့ပေါ်ကနေပြီးတော့ ကိုယ့်နည်းနာတွေနဲ့ CDM တို့ ဘာတို့ အဲ့ဒီဟာတွေ ဘက်ပေါင်းစုံက ဝိုင်းပြီးတော့ တပ်ပေါင်းစုလိုဟာမျိုး ဖွဲ့ပြီးတော့ ကြိုးစားနေတာပါပဲ” ဟု ပြောသည်။

    လက်ရှိ မြန်မာပြည်တော်လှန်ရေး စစ်မြေပြင်တွင် မတူသည့်လက်နက်ကိုင်တပ်ဖွဲ့များ မဟာမိတ်အဖြစ် ပူးပေါင်း လက်တွဲ၍ ဘုံရန်သူကို တိုက်သည့်တိုက်ပွဲများ ဒေသအသီးသီးတွင် ရှိခဲ့ပြီး အောင်ပွဲများလည်း ရခဲ့ကြကြောင်း၊ ရန်သူကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်များလည်း ရခဲ့ကြပြီး စံပြုအပ်သော တိုက်ပွဲများ ဖြစ်ကြောင်း ဗကပမှ ဆိုသည်။

    ရန်သူကို တိုက်ခိုက်သည့် တော်လှန်ရေး တပ်ဖွဲ့များ များပြားခြင်း၊ အမျိုးအစားစုံလင်ခြင်းသည် တော်လှန်ရေးအင်အားကြီးခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က သွေးခွဲဖိနှိပ်အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် ဦးတည် တိုက်ခိုက်ခြင်းသည် ကိစ္စကောင်း ဖြစ်ကြောင်း ပြောသည်။

    တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံ တန်းတူရေး၊ သွေးစည်းရေး၊ အပြန်အလှန်ကူညီဖေးမရေး စိတ်ဓာတ်များ ဖွံ့ဖြိုး အားကောင်းလာရန် ဆောင်ရွက်ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ကျရာအခန်းမှ ပါဝင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks