Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမြဝတီလမ်းတောင်ပိုင်းရှိ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူများ တိမ်းရှောင်နေကြရ

    မြဝတီလမ်းတောင်ပိုင်းရှိ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူများ တိမ်းရှောင်နေကြရ

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းဘက် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူ ထောင်ချီတို့က ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကော့ကရိတ်-သင်္ဃန်းညီနောင်လမ်းပိုင်းရှိ စစ်ကော်မရှင် အောင်ဇေယျာစစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့က မြဝတီမြို့ရှိ ခလရ (၂၇၅) တပ်ရင်းသို့ ရောက်ရှိလာပြီး ကရင်နယ်ခြားစောင့်တပ် BGF နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ထိန်းချုပ်နယ်မြေဖြစ်သည့် မြဝတီတောင်ပိုင်း လေးကေ့ကော်ဘက်သို့ စက်တင်ဘာလ ၈ ရက်နေ့က စစ်ကြောင်းထိုးလာခဲ့သည်။

    စစ်ကြောင်းထိုးလာစဉ် လေးကေ့ကော်အနီးရှိ ရသေ့ဂူကျေးရွာ ဘုန်းကြီးကျောင်းနှင့် ရေတံခွန်အနီးသို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး (၃) လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့သည်။

    အဆိုပါဒေသဘက်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လေးကေ့ကော်ဒေသရှိ ရသေ့ဂူ၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ မင်းလက်ပံ စသည့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု လေးကေ့ကော်ဒေသမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

    “ကျနော်တို့က လေးကေ့ကော်ကနေ ဘဲဟိကလော်ဘက်ကို စစ်ရှောင်လာကြတယ်။ အဲကနေ မထော်သလေးရွာဘက် ထပ်ရှောင်လာတယ်။ ဒီဘက်လည်း သိပ်မသေချာတော့ဘူး။ အခြေအနေ ကြည့်နေရတယ်။ အခုလောလောဆယ် ပစ်ခတ်သံတွေ ငြိမ်နေပေမဲ့ အခြေအနေ စောင့်ကြည့်နေရတုန်းပဲ။ သူတို့ ဆွေးနွေးနေကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ ရွာတွေဘက်မှာ အကုန်ရောက်နေပြီ” ဟု အထက်ပါ စစ်ရှောင်အမျိုးသားက ပြောသည်။

    စစ်ရှောင်ပြည်သူအများစုသည် ဖလူးကြီးဒေသဘက်သို့ တိမ်းရှောင်လာသူများ ရှိသလို တော၊ တောင် ဥယျာဉ်ခြံတို့တွင် တိမ်းရှောင်နေကြသူများလည်း ရှိသည်ဟု ဆိုသည်။

    အလားတူ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကော့ရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်း တစ်လျှောက်တွင်လည်း စစ်ကော်မရှင်တပ် တပ်စွဲနေရာယူလာသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ညွှန်ကြားရေးမှူး စောအဲလ်ဘတ်က ပြောသည်။

    “အဲလမ်းပိုင်တစ်လျှောက်မှာ စစ်ရှောင်နေရတဲ့ ကျေးရွာအားလုံး ဘယ်လောက်ရှိလဲဆိုတာကိုတော့ ကျနော်တို့အတိအကျ မသိသေးဘူးပေါ့နော်။ လောလောဆယ်တော့ အာရှလမ်းမကြီးနဲ့ လမ်းဟောင်း (တောင်ပေါ်လမ်း) ဝဲယာမှာ ရှိတဲ့ ရွာတွေအားလုံးက တိမ်းရှောင်နေကြရတာပေါ့” ဟု စောအဲလ်ဘတ် က ပြောသည်။

    လက်ရှိတွင် ကော့ကရိတ်မှ မြဝတီမြို့အထိကို စစ်ကော်မရှင်ဘက်က လေကြောင်း၊ မြေပြင်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဆက်တိုက် ဆုတ်ခွာပေးနေရသည့် အခြေအနေဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks