မွန်ပြည်နယ်၊ ဘီးလင်းမြို့ ဘိုးလှကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဘီးလင်းမြို့ခံများထံမှ သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် ဘီးလင်းမြို့နယ် အလူးကျေးရွာအနီးရှိ “ကံကောင်းခြင်း ရတနာ” အထပ်သားစက်ရုံအတွင်း တည်ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
စက်တင်ဘာလ ၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသူ ၆ ဦးခန့်သည်“ကံကောင်းခြင်း ရတနာ” အထပ်သားစက်ရုံသို့ ရောက်ရှိလာကာ စက်ရုံလုံခြုံရေးကို သေနတ်ထောက် တံခါးဖွင့်ခိုင်းပြီး ဦးဆန်းနိုင်ကို ဝင်ပစ်သွားသည်ဟု မြို့ခံတို့က ဆိုသည်။

“ဦးဆန်းနိုင်က အဲ့ဒီ အထပ်သားစက်ရုံမှာ ဆေးမှူးအဖြစ်လည်း လုပ်ကိုင်နေသူပါ။ အဲ့ဒီညက အထပ်သားစက်ရုံကို လက်နက်ကိုင်တွေရောက်လာပြီးတော့ ဦးဆန်းနိုင်ကို ပစ်ခတ်သွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဆန်းနိုင်သည် ရင်ဘတ်နှင့် နောက်ကျောတွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်းလည်း ဆိုသည်။
ဦးဆန်းနိုင်ကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို မသိရှိရသေးပေ။
ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် ဘီးလင်းမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် ဦးဆန်းနိုင်၏ ရုပ်လောင်းကို စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဘီးလင်းမြို့ သုဿန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ ညကလည်း မုဒုံမြို့က အသက် ၅၂ နှစ်အရွယ် အမျိုသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။


