မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနှင့် ငှက်ပျောတောရွာတို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ဧပြီလ ၂၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် – ၃၁၀ အမြှောက်တပ်မှ ခရွဲကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
အမြှောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခရွဲကျေးရွာနေ ကိုချက်ကြီးနှင့် ကိုသော်ကတို့ ၂ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

“ရွာထဲကို လက်နက်ကြီးကျ ပေါက်ကွဲမှုတွေဖြစ်တော့ ရွာခံတွေလည်း ပြေးသူက ပြေး၊ ကတုတ်ကျင်းထဲ ဆင်းပုန်းသူကပုန်းနဲ့ပေါ့။ လက်နက်ကြီး ၄ လုံးလောက်ကျပြီး ငြိမ်သွားတယ်။ အဲ့ဒီတော့မှ ကိုယ့်အိမ်ကိုယ်ပြန်လာကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသည့် ကိုချက်ကြီးနှင့် ကိုသော်ကတို့ ၂ ဦးကို သိမ်ဇရပ်မြို့ရှိ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ ငှက်ပျောတောကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ငှက်ပျောတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လတ်တလော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း ကိုရင်တစ်ပါးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့သည့်အပြင် သံဃာတော်၊ ကိုရင်များအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။