Homeသတင်းမွန်ပြည်နယ်တွင် မီးသွေးစျေး နှစ်ဆကျော်ထိ မြင့်တက်လာ

မွန်ပြည်နယ်တွင် မီးသွေးစျေး နှစ်ဆကျော်ထိ မြင့်တက်လာ

-

မွန်ပြည်နယ်တွင် မီးသွေးစျေးနှုန်း တစ်ပိဿာ ကျပ် ၉၀၀ ကနေ တစ်ပိဿာ ကျပ် ၂၀၀၀ ကျော်ထိ မြင့်တက်လာသည်ဟု သုံးစွဲသူနှင့် ရောင်းဝယ်နေသူတို့ထံမှ သိရသည်။

မီးသွေးစျေးသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ပိဿာ ၉၀၀ ကျပ်သာရှိရာမှ နိုဝင်ဘာလကစပြီး စျေးနှုန်းမြင့်တက်လာကာ လက်ရှိတွင် မီးသွေး တစ်ပိဿာ ကျပ် ၂၀၀၀ ကျော်ထိ ရှိလာသည်။

“မီး‌သွေးတစ်အိတ် ကျပ် ၂၀၀၀၀ ကျော် ဈေးတက်လာတယ်။ လက်လီရော လက်ကားရော ရောင်းကောင်းတယ်။ အမြတ်ကတော့ သိပ်မကျန်ဘူးပေါ့။ အခုက မီးလဲမလာတော့ မီးသွေးကိုပဲ ဝယ်သုံးကြတယ်လေ။ ဂတ်စ်ကလဲ ဈေးကြီးတယ်ဆိုတော့လေ” ဟု မွန်ပြည်နယ်အတွင်း မီးသွေးဖြန့်ဖြူးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု များလားသည့်အတွက်ကြောင့် ထမင်းဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီးအစား မီးသွေးအသုံးပြုလာကြသဖြင့် စျေးကွက်အတွင်း မီးသွေးဝယ်လိုအား များလာကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

တဘက်တွင်လည်း မီးသွေးဖုတ်ရန် ထင်းဝယ်ယူရရှိခက်ခဲပြီး စျေးကြီးပေးဝယ်နေရသည့်အတွက်ကြောင့် မီးသွေးဖုတ်သူ နည်းလာသည့်အခြေအနေသည်လည်း မီးသွေးစျေး မြင့်တက်လာစေသည့် အကြောင်းအရင်းတစ်ရပ်နေသည်။

ကြာအင်းဆိပ်ကြီးမှ မီးသွေးသုံးစွဲသူတစ်ဦးက “ခါတိုင်းနှစ်ဆိုရင် မီးသွေးဖုတ်ဖို့ ထင်းကားတစ်စီးစာ ၆ သောင်းလောက်ပဲ ပေးရတယ်။ ဒီနှစ်က တစ်ကားကို ၄ သိန်းလောက်ဖြစ်နေတယ်လို့ ကြားတယ်။ ထင်းတွေ ဝယ်ရခက်လာတယ်။ ဒေသတွင်းက ထင်းတွေကို အခြားဒေသက စျေးကြီးပေးပြီး လာဝယ်ကြတော့ ထင်းဝယ်ရခက်သွားတယ်။ ထင်းမရှိတော့ မီးသွေးဖုတ်မရ။ မီးသွေးကမရှိ စျေးတွေ တက်လာတာပေါ့” ဟု ပြောသည်။

လတ်တလောဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့်လည်း နယ်မြေမတည်ငြိမ်သည့် ဒေသက မီးသွေးများ သယ်ယူပို့ဆောင်ရေး လမ်းခရီးလုံခြုံမှုမရှိသည့်အတွက် အခက်အခဲရှိ‌နေကြောင်းလည်း မီးသွေးထုတ်လုပ်ရောင်းချသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း မီးသွေးကို ရေး၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထို အစရှိသည့်မြို့နယ်တို့တွင် ထုတ်လုပ်ကြပြီး ပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချသည်ဟု မီး‌သွေးထုတ်လုပ်ရောင်းဝယ်သူတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts