spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ

    ကော့ကရိတ်မြို့နယ်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

    လတ်တလောအခြေအနေအရ စစ်ကောင်စီတပ် စစ်ကြောင်းများသည် ဖားအံမှ ကော့ကရိတ်-မြဝတီသို့ အင်အားဖြည့် ဆက်လက်ချီတက်ရန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရောက်ရှိလာပြီး တော်လှန်ရေးအဖွဲ့တို့၏ ကြားဖြတ်တိုက်ခိုက် နေမှုကြောင့်လည်း နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    “လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက မြဝတီကို ဦးတည်စစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းတစ်ခါဖြည့်ရင် တစ်ရာကျော်ရှိတယ်။ တစ်ခါတစ်လေ တစ်ရာဝန်းကျင် ရှိရင်ရှိမယ်။ အဲတာကြောင့် ကော့ကရိတ်အနီးဝန်းကျင်မှာ တိုက်ပွဲအကြီးအသေးတော့ နေ့တိုင်း ဖြစ်ပွားနေတယ်” ဟု Gez-21 Defense Force တပ်ခွဲ-၂ မှ ရဲဘော်တစ်ဦးက ပြောသည်။

    မြဝတီသို့ အင်အားဖြည့်တင်ရန် ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများသည် တော်လှန်ရေးအဖွဲ့တို့၏ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်နေ့စဉ် ထိခိုက်သေဆုံးမှု ရှိနေပြီး စစ်ကြောင်းမှ ထွက်ပြေးသူများလည်း ရှိလာသည်ဟု ဆိုသည်။

    စစ်ကောင်စီစစ်ကြောင်းများသည် ကော့ကရိတ်မြို့ပြင်ဘက်ရှိ ရန်ကုတ်၊ ကောင်းမှု၊ ရေလည်ကုန်း၊ အောက်တိုတဲစသည့်နေရာများနှင့် အရှလမ်းမသစ်ပိုင်း ကော့နွှဲ့၊ တတန်ကူး၊ တောနော်ရေတံခွန်တောင်ကျောနေရာများဘက်တို့တွင် ဝင်ရောက်လာနေပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့တို့နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

    ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ကော့ကရိတ်မြို့အပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိမ်းရှောင်နေရသူများအနေဖြင့် နေရပ်မပြန်ကြသေးရန် တော်လှန်ရေးတပ်ဖွဲ့တို့က ကြေညာထားခဲ့သည်။

    “တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လက်ရှိအချိန်အထိတော့ ကျနော်တို့ဘက်က မြို့ထဲကို ပြည်သူတွေ ဝင်မနေဖို့ ကြေညာထားတုန်းပါ။ တစ်ချို့တွေကတော့ ပြန်ကြတဲ့သူတွေလည်း ရှိပေမဲ့ ကျနော်တို့ဘက်ကတော့ ဖြစ်နိုင်ရင် မပြန်ဖို့ကိုတော့ ပြောပြထားတာ ရှိပါတယ်” ဟု တော်လှန်ရေးရဲဘော်က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃၊ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကြောင့် ကော့ကရိတ်မြို့အပြင် အနီးတစ်ဝိုက်ရှိ ဒေသခံရာနှင့်ချီတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ချိန်အထိ နေရပ်မပြန်နိုင်သေးပေ။

    မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ တပ်ရင်းများကို ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်ပြီး အောင်ဇေယျစစ်ကြောင်းအမည်ဖြင့် ကော့ကရိတ်မြို့နယ်နှင့် အာရှလမ်းပိုင်းဘက်သို့ စစ်ဆင်ရေးစတင်ခဲ့ရာမှ တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် (၇) လကြာကျော်လာသည့်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts