Homeသတင်းအဓမ္မစုဆောင်းခံထားရသည့် စစ်မှုထမ်းသင်တန်းဆင်းများ ဒေါနစစ်ကြောင်းထံ ခိုလှုံ

အဓမ္မစုဆောင်းခံထားရသည့် စစ်မှုထမ်းသင်တန်းဆင်းများ ဒေါနစစ်ကြောင်းထံ ခိုလှုံ

-

အတင်းအဓမ္မစုဆောင်းခံထားရပြီး စစ်သင်တန်းတက်ခိုင်းထားသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၅ ဦးနှင့် ရေတပ်သားတစ်ဦး စုစုပေါင်း ၆ ဦးတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက တနင်္သာရီဒေသရှိ ပြည်သူကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံ ခိုလှုံလာခဲ့ကြသည်ဟု ဒေါနစစ်ကြောင်းထံမှ သိရသည်။

ဒေါနစစ်ကြောင်းထံ ခိုလှုံလာခဲ့ကြသူများသည် ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် စစ်ကောင်စီ အမှတ် (၂၇၃) ခြေလျင်တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၅ ဦးနှင့် ရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦး ပါဝင်ကြောင်း ဆိုသည်။

“၆ ယောက်စလုံးကတော့ စစ်မှုထမ်းသင်တန်းဆင်းတော့ မဟုတ်ပါဘူး။ တစ်ဦးကတော့ ရေတပ်သားပေါ့။ သူ့ကတော့ စစ်မှုထမ်းသက် ၃ နှစ်လောက် ရှိပြီ။ နှစ်ဦးကတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ နဲ့ ၂ ပေါ့နော်။ သူတို့တွေကတော့ ဝါသနာပါလို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုးပဲ စစ်မှုထမ်းဖို့ စုဆောင်းခံရပြီး အဓမ္မစုဆောင်းခံရပြီး ပါလာတာပေါ့နော်။ အဲတုန်းကတော့ ထွက်လို့ အဆင်မပြေလို့ အခုကတော့ ထွက်လို့ အခွင့်အရေးကြုံလို့ ချိတ်ဆက်ပြီးတော့ ဒီဘက်ကို ဝင်လာတာပေါ့နော်။ ဒါကတော့ စိတ်ပါမဟုတ်တာမှ မဟုတ်တာ၊ အဓမ္မအတင်းလုပ်ခိုင်းတော့ သူတို့ကတော့ ပြေးမှာပဲ ရှောင်မှာပဲလေ” ဟု ဒေါနစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။

ယင်းသင်တန်းဆင်းငါးဦးသည် စစ်မှုထမ်းအပတ်စဉ် (၁) မှ သုံးဦးနှင့် အပတ်စဉ် (၂) မှ နှစ်ဦးတို့ ဖြစ်ကြပြီး သင်တန်းကာလပြီးဆုံးချိန်မှစပြီး ကံပေါက်အခြေစိုက် ခလရ (၂၇၃) သို့ ပို့ဆောင်ခံထားရကြောင်း ၎င်းတို့က ထွက်ဆိုထားသည်ဟု ဗိုလ်ရန်နိုင်က ဆိုသည်။

ခိုးလှုံလာသူများအနက် ရေတပ်သားတစ်ဦးထံမှ MA1 (၁) လက်၊ ကျည်ဘောက် (၃) ဘောက်၊ ကပစကျည် ၅.၅၆ (၁၆၁) တောင့်ကျော် ပါရှိလာပြီး သတ်မှတ်ချက်အလိုက် ဆုကြေးငွေချီးမြှင့်ထားကာ စစ်ကြောင်းတွင် ခိုလှုံခွင့်ပြုထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ထံသို့ လာရောက်ခိုလှုံခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနစစ်ကြောင်းက တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts