တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားတို့ စစ်ဘေးရှောင်ဒေသခံတို့၏ နေအိမ်နှင့်ကုန်စုံဆိုင်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် စားနပ်ရိက္ခာတို့ကို သယ်ဆောင်သွားနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင်နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရာဖူးကျေးရွာအုပ်စုရှိကျေးရွာ ၃ ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေချိန်တွင် စစ်ကောင်စီသားများက နေအိမ် ၁၀ အိမ်ထက်မနည်းကို ဖောက်ထွင်းပြီး ဆန်၊ ဆီ၊ကြက်သွန်နီ စသည့် စားသောက်ကုန်တို့ကို ယူဆောင်နေသည်ဟု ရေဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့စားဖို့လောက်တော့ယူသွားတယ်။ အိမ်မှာလူရှိနေလဲ စစ်သားတွေအိမ်ထဲစားစရာတွေ လာနှိုက်ရင် အသံမထွက်ရဲဘဲ နေနေရတယ်၊ ကုန်စုံဆိုင်ကနေဆို ဆန်၊ဆီ၊ ဘီယာ၊ ကော်ဖီမစ်တို့ အစုံပေါ့ ယူသွားတာ ၅ သိန်းနီးပါးလောက်ပဲ၊စစ်သားတွေတင်မဟုတ်ဘူး လူမရှိတဲ့အိမ်တွေဆို ရွာကသူခိုးတွေလဲဝင်ယူကြတယ်။ သူတို့ချိတ်ပိတ်ထားတဲ့အိမ်တွေကနေတော့ သူတို့ပစ္စည်းတွေ အကုန်ယူလိုက်တယ်" ဆိုသည်။
ထို့အပြင် ရေဖြူမြို့နယ်အတွင်း ဇွန်လ ၆ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ရက်ပိုင်းအတွင်း ရာဖူးကျေးရွာအတွင်းရှိ နေအိမ် ၂ အိမ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ချိတ်ပိတ်လိုက်ပြီး နေအိမ်အတွင်း တန်ဖိုးကြီးပစ္စည်းတို့အားလုံး ယူဆောင်သွားသည်ဟု ရေဖြူမြို့ခံတို့ထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်တို့ တပ်စွဲထားခြင်းမရှိသည့်အတွက် ဒေသခံ တစ်ချို့နေရပ်ပြန်ဝင်လာကြသော်လည်း အဆိုပါကျေးရွာဝန်းကျင်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်လာမည်ကို ဒေသခံတို့ကစိုးရိမ်လျက် ရှိသည်။
“နည်းနည်းအခြေအနေငြိမ်လို့ ဒေသခံအချို့က နေရပ်ပြန်ဝင်လာနေတယ်။ သူတို့ဘယ်မှာ တပ်စွဲထားတော့ မတွေ့ဘူးပုန်းခိုနေတာလားမသိဘူး။PDFတွေလဲရှိတော့အလယ်စခန်းဘက်မှာသွားလာနေတာရှိတော့ မပြန်လာရဲတဲ့သူတွေရှိနေသေး ” ဟု သာယာမွန်ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့မှစ၍ ရေဖြူမြို့နယ်ရှိ မရမ်းချောင်း၊ သာယာမွန်ရွာနှင့် ရာဖူးကျေးရွာအုပ်စု ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့တို့က ကျေးရွာအတွင်းတပ်စွဲထားခြင်းကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
ရေဖြူမြို့နယ် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို မွန်- တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်နေခြင်းကြောင့် စစ်ကြောင်းစီဘက်မှ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေပြီး ဒေသခံအများစု ရေးမြို့နယ်ဘက်သို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။
