Home သတင်း တနင်္သာရီတိုင်းတွင် စစ်ရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိ တိုးလာ

တနင်္သာရီတိုင်းတွင် စစ်ရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိ တိုးလာ

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ခြောက်သောင်းနီးပါးအထိ တိုးလာကြောင်း သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် FE5 Tanintharyi ထံမှ သိရသည်။

ဧပြီလအတွင်း ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ပိုများလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်ခရိုင်အတွင်း နေအိမ်မီးရှို့ခံရမှုနှင့် ရက်ရှည်တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အနည်းဆုံး ၃၀၀၀၀ ကျော်ရှိသည်ဟု FE5 Tanintharyi က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

မြိတ်ခရိုင် ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူ အနည်းဆုံး ၂၈၀၀၀ ကျော်ရှိသည်။

“အခုက တိုက်ပွဲတွေပိုဖြစ်လာတော့ စစ်ဘေးရှောင်ကလည်းများလာတယ်ဗျ။ တချို့ကလည်း ယာယီရှောင်ကြတာပေါ့။ ရွာအနီးနားက သူတို့ခြံတွေဘက်ကို ရှောင်ကြတာပေါ့။ အဲဒီလူတွေကတော့ စစ်ဘေးရှောင်စခန်းတွေကို ရောက်လာတာမရှိဘူးပေါ့။ တိုက်ပွဲ ငြိမ်လို့ပြန်ကြတဲ့လူတွေလည်းရှိပါတယ်” ဟု စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ဆိုသည်။

၎င်းပြင် စစ်ကောင်စီမှ ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာများ၊ တနင်္သာရီနှင့် ပုလောမြို့နယ်တွင်လည်း ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထားသည့်အတွက် စစ်ဘေးရှောင်များအတွက် အထွေထွေအခက်အခဲများ ရှိနေကြောင်း စစ်ရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။

ပုလောမြို့နယ် ထမင်းမစားကျေးရွာ အနီးတိုက်ပွဲများအပါအဝင် မြိတ်-ထားဝယ်ကားလမ်းပိုင်း တိုက်ပွဲများကြောင့် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည့်အတွက် ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ ပျက်စီးမှုရှိသလို ဒေသတွင်း ကုန်စျေးနှုန်း မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

Enable Notifications OK No thanks