Homeသတင်းစစ်မှုထမ်းဥပဒေကို မြို့နယ် ၁၇၂ မြို့နယ်တွင် စစ်ကောင်စီ အကောင်အထည်ဖော်နေ

စစ်မှုထမ်းဥပဒေကို မြို့နယ် ၁၇၂ မြို့နယ်တွင် စစ်ကောင်စီ အကောင်အထည်ဖော်နေ

-

စစ်ကောင်စီက အသစ်ပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေကို ရက်ပေါင်း ၄၀ ကျော်ကာလအတွင်း နိုင်ငံအနှံ့ရှိ မြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စတင်အကောင်အထည်ဖော်ထားပြီဖြစ်ကြောင်း Data for Myanmar အဖွဲ့၏ အချက်အလက်များအရ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အတွင်း စာရင်းဖြစ်ပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အဆိုပါ မြို့နယ်များတွင် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများ လုပ်ဆောင်ထားပြီးဖြစ်သည်။

Data for Myanmar ၏ စာရင်းများအရ ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂မြို့နယ်၊ ချင်းပြည်နယ်မှ ၅မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၁၅ မြို့နယ်၊ တနင်္သာရီတိုင်းမှ ၇ မြို့နယ်၊ ပဲခူးတိုင်းမှ ၁၇ မြို့နယ်၊ မကွေးတိုင်းမှ ၁၁ မြို့နယ်၊ မန္တလေးတိုင်းမှ ၁၃ မြို့နယ်၊ မွန်ပြည်နယ်မှ ၆ မြို့နယ်၊ ရခိုင်ပြည်နယ်မှ ၉ မြို့နယ်၊ ရန်ကုန်တိုင်းမှ ၃၃ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၂၁ မြို့နယ်၊ ဧရာဝတီတိုင်းမှ ၂၁ မြို့နယ်နှင့် နေပြည်တော်မှ ၄မြို့နယ် တို့တွင် စစ်ကောင်စီမှ အကောင်အထည်ဖော်ထားသည်။

CDM ဗိုလ်ကြီးတစ်ဦးက “အကောင်အထည်ဖော်တာကို မြန်နိုင်သမျှမြန်အောင်လုပ်မှာပဲသူကတော့လေ။ ကျွန်တော်တို့ ကြားထားရသလောက်ဆိုရင် သင်တန်းပေးကာလကိုတောင် ၆ လမပြည့်လောက်ဘူး။အစက ကြားတာက ၆လသင်တန်းပေးမယ် ကျန်တဲ့ လတွေက တာဝန်ထမ်းဆောင်ရမယ်ဒီလိုပေါ့” ဟု ပြောသည်။

အထက်ပါအချက်အလက်များအရ စစ်ကောင်စီအနေဖြင့် တပြည်နယ်လုံး တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စစ်မှုထမ်းဥပဒေကို လုံးဝဖော်ဆောင်နိုင်ခြင်းမရှိကြောင်းတွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရှိရာ ဒေသများရှိ အချို့မြို့နယ်များတွင်လည်း စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းမှုများရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားဒေသခံတစ်ဦးက “ဒီမှာက ကချင်တွေအများစုနေတဲ့ရပ်ကွက်တွေဆီကို စာရင်းသွင်းဖို့ဖောင်တောင်မရောက်ဘူး။ဗမာတွေအနေများတဲ့ရပ်ကွက်တွေတော့ ရောက်ကြတယ်။ဒါပေမယ့် ဖောင်ရောက်တဲ့အထိပဲ။မဲနှိုက်တာအထိတော့ မရှိသေးဘူး” ဟု ပြောသည်။

အချို့ဒေသများတွင် စစ်မှုထမ်းဥပဒေအတွက် လုပ်ဆောင်ပေးနေသည့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းမှုများလုပ်ဆောင်နေကြသည်။

အခြားတစ်ဘက်တွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ရာ မဲပေါက်သူများမှ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ၅ မှုထက်မနည်း ရှိလာသည်။

စစ်ကောင်စီမှ စစ်မှုထမ်းရန်ရွေးချယ်သူခံရသူများကို စတင်ခေါ်ယူထားသည့် ဓာတ်ပုံများလည်း ယနေ့တွင် လူမှုကွန်ရက်၌ ထွက်ပေါ်လာပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts