မော်လမြိုင်မြို့အဝင်အထွက်နေရာနှင့် မြို့လယ်ခေါင်နေရာတို့ တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှစပြီး စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့မှ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မော်လမြိုင်မြို့ခံတို့က ဆိုသည်။
လက်ရှိတွင် ဇေယျာသိရိရပ်ကွက်၊ မုပွန်းနှင့်ကျောက်တန်းရပ်ကွက်တို့ကို သံသယရှိရပ်ကွက်ဟု သတ်မှတ်ထားခြင်းကြောင့် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ကင်းလှည့် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ကြောင့် မော်လမြိုင်မြို့ခံတို့အနေဖြင့် အပြင်ထွက်သွားလာရာတွင် နိုင်ငံသားကဒ်ကိုင်ဆောင်ထားရသည့်အပြင် လမ်းဆုံလမ်းခွနေရာတို့တွင် ရှာဖွေ စစ်ဆေးမေးမြန်းမှုခံနေရသည်ဟု မော်လမြိုင်ဒေသခံက ဆိုသည်။
“အခုကပိုဆိုးတယ် မော်လမြိုင်မြို့ခံတောင်မှ သူတို့ကမှတ်ပုံတင်တွေမေးတယ် မှတ်ပုံတင်မပြနိုင်ရင် ဘယ်ရပ်ကွက်မှာ နေထိုင်နေတာလဲ အဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးနာမည်ပြောခိုင်းတယ် အခုပိုတင်းကြပ်လာတယ် လူတွေ သွားရေး လာရေးအပိုင်းမှာခက်ခဲလာတယ်" ဟု ဆိုသည်။
စစ်ဆေးမှုလုပ်ဆောင်ရာတွင် စစ်တပ်၊ ရဲတပ်ဖွဲ့အပြင် ပျူစောထီးနှင့် ပြည်သူ့စစ်တို့ပါဝင်ကြပြီး လူငယ်များကို အဓိကပစ်မှတ်ထား စစ်ဆေး ရှာဖွေမှုလုပ်ဆောင်နေကြောင်း သိရသည်။
၎င်းအပြင် ပြီးခဲ့သည့် (မတ်လ-၂၄)ရက်နေ့က မော်လမြိုင်လေယာဉ်ကွင်းအတွင်းသို့ UAV အသေခံဒရုန်းဗုံးအမျိုးအစားကျရောက်ပေါက်ကွဲခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် တောင်ဝိုင်းလမ်းကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားခဲ့သည်ဟု ဆက်ပြောသည်။
“မြို့အဝင် ကျွဲခြံကုန်းအဝိုင်းမှာဆိုရင် အင်အားတော်တော်များတယ် ယာဉ်ထိန်း စစ်တပ်တွေ ဗျုစောထီးတွေ တော်တော်များတယ်။ သူတို့ဘာသတင်းရလို့လည်း မသိဘူး။ ပြီးတော့ ဟိုနေ့က လေယာဉ်ကွင်းမှာ ဒရုန်းတွေကျခဲ့လို့လားမသိအဲ့တောင်ဝိုင်းလမ်းကိုလည်း ဖြတ်သန်းခွင့်မပေးနေဘူး” ဟုဆိုသည်။
၎င်းအပြင် ညဘက် အပြင်ထွက်သွားလာသည့် လူငယ်များကို ဖမ်းဆီးလျှက်ရှိပြီး ငွေကျပ်သိန်း ၁၀ ဂဏန်းအထိ တောင်းခံမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ၎င်းကဆက်ပြောသည်။
မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် မော်လမြိုင်လေဆိပ် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ညနေပိုင်းအချိန်တွင် မော်လမြိုင်မြို့ မင်းရွာကျေးရွာတွင် အသစ်တည်ဆောက်နေသည့် တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်းတွင်လည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရသည်။
လက်ရှိမော်လမြိုင်မြို့အတွင်း လူစည်ကာရာနေရာများတွင် စစ်မှုထမ်းဉပဒေနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များကို စစ်ကောင်စီတပ်သားနှင့်သက်ဆိုင်ရာဌာနဝန်ထမ်းများက လိုက်လံဖြန့်ဝေလျှက်ရှိသည်။
