မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာတွင် မတ်လ ၂၅ ရက်နေ့က စင်တော်ကဖီးဆိုင်ရှေ့တွင် ဘုန်းကြီးတစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင်တို့ကို စစ်ကောင်စီထောက်လှမ်းရေးဟုဆိုကာ ပစ်ခတ်ခဲ့ကြောင်း KRFကျိုက်ထိုတော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။
ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ကျောက်ဖြူတောင်ကျောင်းမှ ဘုန်ကြီး ဥူးစန္ဒိမာသည် ပစ်ခတ်ခံရမှုကြောင့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး စင်တော်ကဖီးပိုင်ရှင် တင်ငြိမ်းဆိုသူသည် ကျည်ဖောက် ဒဏ်ရာနှစ်ချက် ရရှိခဲ့ကြောင်း မြို့ခံတို့ထံမှသိရသည်။
ကျိုက်ထိုမြို့တွင် စစ်ကောင်စီနှင့်ပတ်သက်သူများနှင့် စစ်မှူးထမ်းကိစ္စဆောင်ရွက်သူတို့ကို တော်လှန်ရေး တပ်ဖွဲ့တို့က ဆက်တိုက်ပစ်ခတ်ရှင်းလင်းသော်လည်း စစ်မှူးထမ်းရန်စာရင်းကောက်ခံနေရသည့်ကျေးရွာတို့ ရှိနေဆဲဖြစ်ကြောင်း ကျိုက်ထိုမြို့ခံ တစ်ဦးကပြောသည်။
“နေ့လည်က ဘုန်းကြီး ၁ပါးနဲ့ ကဖီးဆိုင် ပိုင်ရှင်ကိုပစ်သွားတာ ၊ ကဖီးပိုင်ရှင်က စစ်မှူးထမ်းဟောင်းပါပဲ။ ဆေးရုံးခေါ်သွားတယ်။ ဒီတလော စကစနဲ့ပတ်သတ်သူတွေကိုဆက်တိုက်ပစ်နေတာ ဒါတောင် ကျိုက်ထိုမှာက စစ်မှူးထမ်းမဲ့ကိစ္စက စာရင်းဆက်ကောက်ကြတုန်းပါပဲ ” ဟု ၎င်းကပြောသည်။
အဆိုပါပစ်ခတ်ခံရသည့်ဘုန်းကြီးနှင့် တင်ငြိမ်းဆိုသူက စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ စကစနှင့်ပူးပေါင်း၍ ကင်းမွန်းချောင်းရွာသာများကို ခြိမ်းခြောက်ခြင်း၊ မတရာဖမ်းဆီးခြင်းတို့ကို လုပ်ဆောင်နေသဖြင့် KRFနှင့် ကျိုက်ထို ပကဖပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင်လည်းကျိုက်ထိုမြို့ တောင်ကလေးကျေးရွာတွင် စစ်မှူးထမ်းကိစ္စ ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးမှူး ဦးစံလွင်ဆိုသူကို ကျိုက်ထိုတော်လှန်ရေးအင်းအားစုက ပစ်သတ်ခဲ့သေးကြောင်း သိရသည်။
အလားတူ မတ်လ ၂၂ ရက်နေ့တွင် ကောင်းကွတ်တီးယိုဆိုင်ပိုင် ဦးနေမင်းကြည်ကို စစ်ကောင်စီခရိုင်ထောက်လှမ်းရေးအဖွဲ့သတင်းပေးဟုဆိုကာပစ်သတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ စစ်မှူးထမ်းဥပဒေကိစ္စကို ကိုယ်တိုင်ပါဝင်၍ အကောင်ထည်ဖော်ဆောင်နေသူတို့ဖြစ်စေ၊ လိုက်ပါပူးပေါင်းပါဝင်နေသူတို့ဖြစ်စေ၊စစ်တပ်လက်အောက်ခံ အားလုံးကို အရေးယူရှင်းလင်းသွားမည်ဟု KRF ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့မှ ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။