ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွှဲပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလျှက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် စစ်ဘေးရှောင်တို့ တိုးလာဆဲဖြစ်ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်အထိ စစ်ကောင်စီမှ ကော့ဘိန်း ကော့ပေါက်ကျေးရွာကို လေကြောင်းအပြင် စစ်သင်္ဘောအမှတ်(၃၀၁)မှ လှမ်းကူပစ်ခတ်နေခြင်းကြောင့် ကော့ဗိန်း ကျေးရွာခံ ၃ ဦး၊ ဓမ္မသတ်ဒေသခံ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိထားပြီး ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ကော့ဗိန်းဒေသခံတစ်ဦးက “ အကုန်ခြုံပြီးပြောလို့မနိုင်ပေမဲ့ မနေ့က ၃ ယောက်ထိတယ် ဒီနေလည်း အဘွားအို တစ်ယောက် ဗိုက်မှာကျည်စထိသွားသေးတယ်၊ ဒဏ်ရာရသူက များမှာပါ တရစပ်ပစ်ခတ်နေကြတော့လေ၊ ဒါပေမဲ့ သေဆုံးသူတော့ မကြားမိသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ခြင်းကြောင့် ကော့ဘိန်းရွာအပြင်အနီးဝန်းကျင်ရှိ ကော့ပေါက်၊ ဓမ္မသ၊ တရာနာ စသည့်ဒေသခံတို့ ခရားအပြင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ဒေသအသီးသီးမှ ကူညီကယ်ဆယ်ရေးအဖွဲ့တို့က ချိတ်ဆက်ကူညီလျှက်ရှိကြောင်း သိရသည်။
လက်ရှိ ခရားအပြင်ရွာတွင် စစ်ဘေးရှောင်လာသူတို့ တဖြည်းဖြည်း တိုးလာခြင်းကြောင့် နေရာထိုင်ခင်းအတွက် ကူညီပြင်ဆင်လျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။
"လမ်းတွေအကုန်ပိတ်ထားတော့ ကော့ဗိန်းလူတွေ ဘယ်အပေါက်ကနေမှ သွားလို့မရဘူးဖြစ်နေတယ်၊ လောလောဆယ် ကျနော်တို့ ခရားအပြင်ကို မြစ်ကနေလှေနဲ့ဖြတ်ပြီး လာကြတယ်ပေါ့၊ ဒီတစ်လမ်းပဲရှိတယ် ကျနော်တို့လည်း လာလို့အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးနေပါတယ်"ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုတို့သည် မော်လမြိုင်မြို့အပြင် အခြားမြို့ပေါ်ဆီသို့သာ ပြောင်းရွေ့နေထိုင်လိုပြီး သွားရောက်လိုသည့် နေရာဒေသအထိ လိုက်လံပို့ဆောင်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိကော့ဗိန်းရဲစခန်းမှ စစ်ကောင်စီအဖွဲ့တို့ အလံဖြူပြလာခြင်းကြောင့် ကော့ဗိန်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်နိုင်ခဲ့ပြီး တရာနာကျေးရွာဘက်သို့ ဆက်လက်တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြောဆိုလာကြောင်း ကနဦးသတင်းရရှိထားသော်လည်း အတည်မပြုနိုင်သေးပေ။
မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်ကစပြီး ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ခဲ့ကြောင်း သိရသည်။