Homeသတင်းရေးမြို့နယ် ကြိုတံတားဂိတ်စခန်းတွင် တိုက်ပွဲဖြစ်

ရေးမြို့နယ် ကြိုတံတားဂိတ်စခန်းတွင် တိုက်ပွဲဖြစ်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းတွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းကို ‌‌‌တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၇ နာရီခွဲအချိန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“‌‌‌ကြိုးတံတား‌‌ကျေးရွာအနီးနဲ့ ကျောက်မိ‌ချောင်း‌ကျေးရွာဘက်မှာ ဖြစ်နေတယ်။ မနက်ကတည်း အခု နေ့လည် ၁ နာရီလောက်အထိပဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတုန်းပါပဲ။ မော့ကနင်ကနေဆို ကြိုးတံတား၊ စံပြအထိက အသွားအလာလုပ်လို့မရသေးဘူး။ အနီးနားရွာက ‌‌ဒေသခံတွေလည်း အခြေအနေမသိရသေးဘူး။ ကားတွေလည်းဖြတ်လို့ မရသေးဘူး” ဟု မော့ကနင်းကျေးရွာခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်း ဖြတ်သန်းသွားလာလို့မရတော့ဘဲ ပိတ်ဆို့မှုဖြစ်ပွားနေသည်ဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုရှိနေသလို အဆောက်အဦးအချို့ မီးလောင်မှုရှိနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“စံပြကျေးရွာဘက်မှာ လက်နက်ကြီးထိတာရှိတယ်။ မီးလောင်သွားတာရှိတယ်။ အဆောက်အအုံ‌တွေထိလို့ မီးလောင်သွားတာရှိတယ်။ လက်နက်ကြီးကြောင့်ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဘယ်နှစ်ယောက်ထိလဲဆိုတာတော့ မသိသေးဘူး။ ဘယ်သူမှလည်း သွားလာလို့မရသေးဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူ‌ပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts