Homeသတင်းကော့ကရိတ်မြို့ပေါ် နေအိမ် ၅၀ ကျော် ထပ်မံမီးလောင်ပျက်စီး

ကော့ကရိတ်မြို့ပေါ် နေအိမ် ၅၀ ကျော် ထပ်မံမီးလောင်ပျက်စီး

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နေအိမ် ၅၀ ကျော် ထပ်မံ မီးလောင်ပျက်စီးသွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကော့ကရိတ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ရတနာလမ်းတွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် မြို့ခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည့်အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိသလို မီးသတ်ကားလည်း လာရောက်ငြိမ်းသတ်ပေးခြင်းမရှိသည့်အတွက် နေအိမ် ၅၀ ကျော် ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။

“လူတွေ မရှိကြဘူးလေ ရပ်ကွက်မှာ ရှိတဲ့လူတွေနဲ့ ငြိမ်းသတ်ကြပေမယ့် မနိုင်ဘူး။ မနိုင်တော့ အကုန်ကူးကုန်တာ။ မီးသတ်ကားလဲ မလာဘူး” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

မီးသည် ညနေ ၆ နာရီဝန်းကျင်မှသာ ငြိမ်းသက်သွားခဲ့ကြောင်း နေအိမ်အလုံး ၅၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင်လည်း ကော့ကရိတ်မြို့တွင် စစ်တပ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လူနေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာ၊ သောင်းနှင့်ချီသည့် ဒေသခံတို့ကလည်း မြဝတီ၊ ဘားအံနှင့် မော်လမြိုင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

တိုက်ပွဲတစ်လကျော်ကြာကာလအတွင်း နေအိမ်မီးလောင်တာ မကြာခဏဖြစ်ပွားနေပြီး လက်ရှိတွင် နေအိမ်အလုံး ၂၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts