စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများဆက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ၂ ရက်ကြာ ဆွေးနွေးကြပြီးနောက် အပစ်အခက်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက်ညမှ စတင်ကာ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရန်၊ နှစ်ဖက်တပ်များကြား ပစ်ခတ်တိုက်ခိုက်မှုများ ထိတွေ့တိုက်ပွဲများ အငြင်းပွားစရာများရှိခဲ့လျင် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းကြရန် သဘောတူညီချက်ရရှိခဲ့ကြောင်း စစ်ကောင်စီဘက်မှ ကြေညာခဲ့သည်။
သို့ရာတွင် ယာယီအပစ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများသို့ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်သည်။
နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည်သူ ဦးသန်းစိုးနိုင်က “အဲဒီလို စစ်ကောင်စီက တိုက်ခိုက်လိုက်တဲ့အတွက် အခု ၁၁ ရက်နေ့က ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ဟာ စက္ကူစုတ်ဖြစ်သွားပါပြီ။အဲ့တော့ စစ်ပွဲတွေကို ကျွန်တော်တို့ ပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ တွေ့ရဦးမယ်လို့ ကျွန်တော် ယူဆမိပါတယ်။တရုတ်ရဲ့ဖိအားပေးမှုကြောင့် ညီနောင်မဟာမိတ်က ဒီစာချုပ်ကိုသဘောတူခဲ့ပေမယ့် စစ်ကောင်စီက အခုလိုဖောက်ဖျက်တဲ့အတွက် ညီနောင်သုံးဖော်အပါအဝင် ပြည်တွင်းကတော်လှန်ရေးအဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ခိုက်မှုတွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တဲ့အတွက် တိုက်ပွဲတွေကတော့ အရှေ့မြောက်စစ်ဒေသရဲ့ပြင်ပမှာ ဆက်လက်ပြီးတော့ ဖြစ်ပေါ်တိုးပွားနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နမ့်ဆန်မြိုနယ်၊ ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ငါးကြိမ် တိုက်ခိုက်ခဲ့ကာ နမ္မတူမြိုနယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ဟုလည်း ဖော်ပြထားသည်။
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ နမ့်ပေါင်တပ်စခန်းမှ ကုန်ပေါင်ကျေးရွာကို လက်နက်ကြီးနှင့် (၆) ကြိမ်၊ မခီနုကျေးရွာနှင့် အီနိုင်းကျေးရွာများကို လက်နက်ကြီးဖြင့် (၄) ကြိမ်စီ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးမှုများရှိခဲ့ကြသည်။ ၎င်းပြင် ဇန်နဝါရီလ ၁၃ ရက်နေ့မနက်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်းအဖွဲ့များတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များကိုလည်း စစ်ကောင်စီတပ်မှ လက်နက်ကိုင်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရက္ခိုင့်တပ်တော် AA မှလည်း စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းယူလျက်ရှိသည်။
ရခိုင်ဒေသသည် စာချုပ်တွင်အကျုံးဝင်သည့် ဒေသမဟုတ်သောကြောင့် AA ၏ စခန်းသိမ်းတိုက်ပွဲများမှာ စာချုပ်ကို ဖောက်ဖျက်ခြင်းမဟုတ်ဟု နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
“စစ်ကောင်စီက ကျောက်မဲဒေသအပါအဝင် ရွာတွေကို တိုက်ခိုက်နေတာက ငြိမ်းချမ်းရေးစာချုပ်ကို ဖောက်ဖျက်တာဖြစ်ပါတယ်။ ဒါပေမယ့် AA က ဆက်လက်တိုက်ခိုက်နေတဲ့နေရာတွေက အရှေ့မြောက်ဒေသရဲ့ စာချုပ်ချုပ်ဆိုထားတဲ့နေရာတွေမှာ မပါပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ မူလက သဘောထားအတိုင်း ဆက်လက်ပြီးတော့ နွေဦးတော်လှန်ရေးထဲမှာပါဝင်ပြီး စစ်အာဏာရှင်ကို ဆက်လက်တိုက်ခိုက်တာသာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော် AA မှ စစ်ဆင်ရေးစတင်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တင့်ကားအပါအဝင် လက်နက်ကြီးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း AA က တရားဝင်ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ အရေးပါသောစခန်းကုန်းများအားလုံးကို AA မှ သိမ်းပိုက်ရရှိထားပြီး ပလက်ဝဒေသအား အပြည့်အဝ သိမ်းပိုက်ရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ရှမ်းမြောက်ဒေသကို ဆက်လက်တိုက်ခိုက်ခဲ့မှုများနှင့်ပက်သက်ပြီး စစ်ကောင်စီဘက်မှလည်း တစ်စုံတရာ တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးပေ။


