မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်အတွင်း စစ်ကောင်စီတပ် အမှတ် ၄၀၂ အမြှောက်တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် ဒေသခံ ၄၀၀ နီးပါးတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
သထုံအခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ရင်း ၄၀၂ မှ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ဆူးအင်းကျေးနယ်၊ ဆူးအင်းရွာအတွင်း ၂ လုံး ရွာပြင်တွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင်လည်း အမြှောက်တပ်ရင်းမှ လက်နက်ကြီး ၄ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကော့လှိုင်းရွာလေးကုန်းထဲ ၂ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ အမြှောက်တပ်မှ လူနေကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် ယခုတွင် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်းကျေးရွာများရှိ အိမ်ခြေ ၈၂ အိမ်မှ လူဦးရေ စုစုပေါင်း ၃၈၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြရသည်။
၎င်းပြင် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင်လည်း စစ်ကောင်စီ အမြှောက်တပ် ၂၀၆၊ ၄၀၂၊ ၄၀၄ တပ်ရင်းတို့မှလည်း လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်က ထုတ်ပြန်ထားသည်။
