Homeသတင်းဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

-

နိုဝင်ဘာ ၅၊ ၂၀၂၃

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၃)၊ ကံ့ကော်လမ်းသွယ်နေ ဦးမြကျော်ဆိုသူသည် ၎င်းနေအိမ်တွင် တည်ရှိနေစဉ် အမည်မသိ သေနတ်သမား ၃ ဦးတို့က နံနက် ၉ နာရီအချိန်ခန့်က ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးမြတ်ကျော်သည် အခင်းဖြစ်ပွားသည့်နေအိမ်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အဲ့ဒီဦးမြတ်ကျော်ဆိုတဲ့သူကလေ စီးပွားရေးကြီးကြီးမားမားလုပ်နေတဲ့သူတစ်ယောက်လည်းမဟုတ်ပါဘူး။ နာမည်ဆိုးတွေနဲ့ ကျော်ကြားနေတဲ့သူလည်းမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ဒီလိုပစ်ခံရတာက ကျွန်တော်တို့ မမြင်နိုင်တဲ့ သူတို့ကြားကပြဿနာတွေရှိချင်ရှိမှာပေါ့လေနော်” ဟု ၎င်းမြို့ခံက ဆိုသည်။

ဦးမြတ်ကျော်ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် လာရောက်ပစ်သတ်သွားခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့တွင် ခလရ-တပ်ရင်းမှ ဒုတပ်ရင်းမှူးကို အမည်မသိသေနတ်သမားတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

အလားတူ ဩဂုတ်လအတွင်းကလည်း ဘုရားသုံးဆူမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုလည်း အမည်မသိသေနတ်သမားတို့က ပစ်သတ်ခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts