Homeသတင်းဘီးလင်းမြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ် ဖျက်ဆီး

ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ် ဖျက်ဆီး

-

အောက်တိုဘာ ၂၃၊ ၂၀၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်-ခဲမောက်-ရွှေရောင်ပြကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုကို စစ်ကောင်စီတပ်တို့က ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်မှ ဒေါက်ရပ်-ခဲမောက်နှင့် ခဲမောက်-ရွှေရောင်ပြကျေးရွာချင်းဆက်လမ်းပိုင်းနှစ်ခုကို ဘတ်ဟိုးဖြင့် ထိုးပြီး ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်က ဒေါက်ရပ်-ခဲမောက်ကျေးရွာချင်းဆက်လမ်းပိုင်းကို အကျယ် ၄ ပေ လောက်နဲ့ အနက် ၅ ပေကျော်‌ကျော်လောက် တူးဖော်ဖျက်ဆီးခဲ့တာပါ။‌ နောက်ပြီး ရွှေရောင်ပြ-ခဲမောက်လမ်းပိုင်းက ၂၅ ပေ အရှည်ရှိ တံတားတစ်စင်းနဲ့ လမ်းပိုင်းတစ်ခုကိုလည်း ဖျက်ဆီးသွားပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို လာရောက်တိုက်ခိုက်ရာတွင် ထိုလမ်းပိုင်ကို အသုံးပြုနေသည်ဆိုပြီး စစ်ကောင်စီတပ်က ယခုလို လမ်းလာ‌ရောက်ဖျက်ဆီးသွားခဲ့သည်ဟု ယူဆရကြောင်း အထက်ပါဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့သည့် ထိုကျေးရွာချင်းဆက်လမ်းပိုင်းသည် တော်လှန်ရေးအင်အားစုများ အသုံးပြုတာထက် ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအတွက် အများဆုံး အသုံးပြုနေရကြောင်းလည်း ဒေသခံတို့က ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုအား ဖျက်ဆီးခဲ့သဖြင့် ဘီးလင်းမြို့နယ် ခဲမောက်၊ ကြိုးဝိုင်း၊ ကဒီပု၊ သစ်ချတောင် အစရှိသောကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် သွားလာရေး အခက်အခဲဖြစ်နေကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးကာလအတွင်း စစ်ကောင်စီတပ်မှ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းအပါအဝင် ကျေးရွာချင်းဆက်လမ်းပိုင်း ၁၀ ခုထက်မနည်း ဖျက်ဆီးထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts