မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လက်ဖက်ရည်ဆိုင်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း ပစ်သတ်ခံရပြီးနောက် ဒေသခံ (၅) ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ (၁၈) ရက်၊ နံနက်ပိုင်းအချိန်က ဦးဇော်နိုင်လင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်ဝတ်ဖြင့် ရောက်လာပြီး “ဖူး” လက်ဖက်ရည်ဆိုင်ပိုင်ရှင် လင်းမယား နှစ်ဦး၊ သံပုရာသီးအဝယ်ဒိုင်းဖွင့်ထားသည့်ဆိုင်က အမျိုးသားနှစ်ဦးနှင့် နီးစပ်ရာ အခြားစျေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
“အဲဒီနားတစ်တန်းက ဆိုင်ရှင်တွေကို ဖမ်းဆီးသွားတယ်။ ဆိုင်ရှင်လင်းမယား နှစ်ယောက်ကို ဖမ်းသွားတယ်၊ မိန်းမကတော့ ပြန်လွတ်လာပြီ။ သူ့အမျိုးသားကိုတော့ ဖမ်းထားတုန်းပဲ။ ငါးယောက်လောက် ဖမ်းသွားတယ်၊ မေးမြန်စရာရှိလို့ ဖမ်းသွားတယ်။ အခုအချိန်အထိတော့ ပြန်မလွတ်သေးဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
“ဖူး” လက်ဖက်ရည်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို အောက်တိုဘာလ ၁၈ ရက်၊ ညနေပိုင်းအချိန်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်အမျိုးသား (၄) ဦးတို့ကို ရေးမြို့အခြေစိုက် စကခ-၁၉ တပ်ရင်း၌ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။
ယင်းဖမ်းဆီးခံရသူများသည် သာမာန်အရပ်သားပြည်သူများဖြစ်ကြပြီး ဦးဇော်နိုင်လင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်မှုမရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။
လွန်ခဲ့သည့်အောက်တိုဘာလ (၁၈) ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်၌ “ဖူး” လက်ဖက် ရည်ဆိုင် တွင် ထိုင်နေသည့် အသက် ၅၂ အရွယ်ရှိ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှုးဦးဇော်နိုင်လင်းအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။
