Homeသတင်းမွန်သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားမည်။

မွန်သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားမည်။

-

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအလယ်တန်းနှင့် မူလတန်းကျောင်းအတွက် သင်ရိုးညွှန်းအသစ်ရေးဆွဲထားပြီး လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု သိရသည်။

မွန်သင်ရိုးညွှန်းတမ်းအသစ်ကို အောက်တိုဘာလ ၂၇ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း မုဒုံမြို့နယ်မှ မွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ဆိုသည်။

“သင်ရိုးစာအုပ်ကို ရေးဆွဲလို့ပြီးပြီ။ အခုဆို ပုံနှိပ်တိုက်မှာ အပ်ထားတယ်ပေါ့။ သင်ရိုးစာအုပ်အသစ်နဲ့ ပတ်သတ်ပြီး မိတ်ဆက်ပြီးပြီ။ ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ကိုက်ညီမှု ရှိ၊ မရှိတာတွေကို ဆွေးနွေးပြီးတော့ ဒီစာအုပ်ကို နောက်နှစ်ကျ သင်ကြားဖို့ ရည်ရွယ်ထားတယ်” ဟု ၎င်း ဆရာမက ပြောသည်။

မူလတန်းအတွက် သင်ရိုးညွှန်းတမ်းကို ခေတ်နှင့်အညီ ပြင်ဆင်၊ ဖြည့်စွတ်ပြီး ရေးဆွဲရသည့်အတွက် ကျောင်းသားများအတွက် သင်ယူမှု လွယ်ကူမည်ဖြစ်ကြောင်း အထက်ပါ ဆရာမက ဆက်ပြောသည်။

၎င်းပြင် အလယ်တန်းတွင် မွန်စာနှင့် မွန်သမိုင်းကို မွန်ဘာသာဖြင့် သင်ကြားနိုင်သည့် သင်ရိုးညွှန်းတမ်းကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဖြစ်ကြောင်း

လက်ရှိတွင် မွန်အမျိုးသားတန်းကျောင်းသားများကို အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားလျှက်ရှိပြီး လာမည့်ပညာသင်နှစ်တွင် မွန်ဖတ်စာနှင့် သမိုင်းသာသာရပ်များကို ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးဌာနမှ နိုင်ရော့ဂကောင်းက “ဒီသင်ရိုးညွှန်းတမ်းကို ရေးဆွဲနေတာကြာပြီး။ အရင်က မွန်ဖတ်စာတစ်ဘာသာပဲ ရေးတယ်။ နောက်မှ သင်ရိုးညွှန်းတမ်းက ကလေးတွေအတွက် အရမ်းအရေးပါတယ်ဆိုတာကို နားလည်လာတယ်။ အဲတော့ သင်းရိုးညွှန်းမူဘောင်ဆွဲတယ်။ အဲဒါကိုအခြေခံပြီးမှ ဘာအကြောင်းအရာကို ထည့်သွင်းသွားမလဲဆိုတာကို ဆွေးနွေးတယ်။ အခုတော့ မူလတန်းအတွက် ရေးဆွဲနေတာ ပြီးတော့မယ်” ဟု ဆိုသည်။

မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများအညွှန်းဘောင် Curriculum Standards Framework ပြုစုရေးဆွဲခြင်းနှင့်အတူ သူငယ်တန်းမှ ပဥ္စမတန်းအထိ မူလတန်းအဆင့် ကျောင်းသင်ဘာသာရပ်များကို မွန်မိခင်ဘာသာစကားနှင့် သင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာများနှင့် ဖတ်စာအုပ်များ ဆရာလမ်းညွှန်များကို ဆန်းသစ်ရေးဆွဲသင်ကြားလျက်ရှိသည်။

မွန်ပြည်သစ်ပါတီကနေ ၁၉၇၂ ခုနှစ်က စတင်ခဲ့ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် မွန်အမျိုးသားပညာရေးဌာနအောက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပြင် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ၁၀ တန်းလွန် Post Ten အတန်းအထိ ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်မှာတော့ မွန်အမျိုးသားကောလိပ်ကိုပါ အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်အမျိုးသားတက္ကသိုလ် Mon National University အထိ ဖွင့်လှစ်နိုင်ရန် မွန်အမျိုးသားပညာရေးဌာနက ကြိုးပမ်းလျက်ရှိသည်။

မွန်အမျိုးသားကျောင်းများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကျောင်းဆရာ/ဆရာမ ၇၀၀ ကျော်ြဖင့် ကျောင်းသူ/ကျောင်းသားပေါင်း ၁၅၀၀၀ ကျော်တို့က တက်ရောက်သင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts