Homeသတင်းတနင်္သာရီတိုင်းတွင် ၉ လအတွင်း နေအိမ် ၆၇၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်းတွင် ၉ လအတွင်း နေအိမ် ၆၇၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

-

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း နေအိမ် ၆၇၀ ထက်မနည်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီအခြေစိုက်လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ထားချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ပုလောမြို့နယ်တွင် နေအိမ်မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး နေအိမ် ၃၈၀ ကျော် မီးရှို့ခံရပြီး၊ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးသည် လောင်းလုံးမြို့နယ်ဖြစ်ပြီး ၁၈၀ နီးပါး မီးရှို့ဖျက်ဆီးခံရသည်။

၎င်းပြင် ထားဝယ်မြို့နယ်တွင် နေအိမ် ၁၀ လုံးကျော်၊ သရက်ချောင်းမြို့နယ်တွင် ၂၀ နီးပါး၊ ရေဖြူမြို့နယ်တွင် ၂၅ လုံး၊ တနင်္သာရီမြို့နယ်တွင် နေအိမ်အလုံး ၃၀ နီးပါး မီးရှို့ခံရသည်ဟု ဆိုသည်။

လက်ရှိလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်နေရာတို့တွင် နေအိမ်မီးရှို့မှု ဆက်လက်လုပ်ဆောင်နေဆဲလို့လည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်တို့သည် နေအိမ်မီးရှို့မှုအပြင် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ လူမရှိသော နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်ခြင်းတို့ကိုလည်း ဆက်လက်ကျူးလွန်နေသည်ဟု ဆိုသည်။

“မြို့နယ်တော်တော်များများမှာရှိတဲ့ တောကျတဲ့ရွာတွေဘက်ခြမ်းမှာဆို အိမ်တွေရှိကို မရှိတော့တာ။ပျက်စီးကုန်ပြီး။ သိရသလောက်တော့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးကတည်းက အိမ်တွေက ပျက်စီးကုန်တော့ ရွာကိုပြန်လာရင်တောင် နေဖို့အိမ်မရှိကြတော့ဘူး။ အိမ်ကျန်ရှိတဲ့သူတွေကလည်း ရွာကို ခုချိန်ထိပြန်မလာရဲကြဘူး။ ဘေးလွတ်ရာတောတောင်တွေကြားမှာပဲ နေနေကြတုန်းပဲ။ ကျွန်တော်တို့ ရေဖြူမြို့နယ် ဧကနိကျေးရွာအုပ်စုဖြစ်တဲ့ ရွာတွေမှာဆိုလည်း ပျက်စီးတဲ့အိမ်က ပျက်စီး။ ရွာသားတွေလည်း ရှိကို မရှိတော့ကြဘူး” ဟု ရေးဖြူဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ပြည်သူ့နေအိမ်မီးရှို့ခံရမှုသည် စစ်ကိုင်းတိုင်းက အများဆုံးပါဝင်ပြီး စုစုပေါင်းနေအိမ် ၈၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts