Homeသတင်းကာလုံအစည်းအဝေး တက်ခဲ့သည့် ဒုသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူကို NLD ပါတီမှ ထုတ်ပယ်

ကာလုံအစည်းအဝေး တက်ခဲ့သည့် ဒုသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူကို NLD ပါတီမှ ထုတ်ပယ်

-

ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ နောက်ထပ် ၆ လသက်တမ်းတိုးရေးအတွက် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ဦးဟင်နရီဗန်ထီးယူက တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှ ယုံကြည်စွာ တာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်းမြောက်များစွာကို ကျူးလွန်နေသော စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ပါရှိသည်။

၎င်းပြင် ဦးဟင်နရီဗန်ထီးယူသည် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့်လည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးဟင်နရီဗန်ထီယူကို သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်သည့် NLD ပါတီ၏ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးတွင် အများသဘောတူ ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟုလည်း ရေးသားထားသည်။

မြန်မာစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အသက် ၆၅ နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုဖြင့် အနိုင်ရပြီးနောက် ဒုသမ္မတဖြစ်လာခဲ့သူဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts