Monday, March 9, 2026
More
    spot_img
    Homeသတင်းပစ်ခတ်မှုကြောင့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်

    ပစ်ခတ်မှုကြောင့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

    ဇွန်လ ၂၅ ရက်နေ့က နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှု ၂ နာရီဝန်းကျင်ခန့် ဖြစ်ပွားခဲ့ကြသည်။ 

    ထိုတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အမြောက်တပ် (၃၁၇) မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီအမြှောက်တပ်ဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

    ထိုပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဒေသခံများ စိုးရိမ်ထိန့်လန့်ကာ အများစုက ဘေးလွတ်ရာသို့ ပြောင်းရွှေ့တိမ်းရှောင်သွားကြသည်ဟု နှစ်ကရင်က လူငယ်တစ်ဦးက ပြောသည်။

    “အများစုက ထွက်ပြေးသွားကြပြီး။ ကားရှိတဲ့လူတွေက ကားနဲ့၊ ဆိုင်ကယ်ရှိတဲ့လူတွေကလည်း ဆိုင်ကယ်နဲ့ သွားကြတယ်။ တစ်ရပ်ကွက်မှာဆို ၅ အိမ် ၈ အိမ်လောက်ပဲကျန်တော့တာ။ ပြေးဖို့ ဘာမှမရှိတဲ့လူတွေ အဖိုးအဖွားတွေရှိတဲ့အိမ်တွေလောက်ပဲ ကျန်တော့တာ” ဟု ၎င်းလူငယ်က ဆက်ပြောသည်။

    နှစ်ကရင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ယခုလို လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် ဒေသခံများအကြား ထိန့်လန့်ကြောက်ရွံ့နေကြသည်။

    “ဘယ်အချိန်သူတို့လာပစ်မလဲ ဘယ်အချိန် သူတို့လာမလဲ စိုးရိမ်နေရတာ။ ညပိုင်းအိပ်တဲ့အချိန်ဆိုလည်း ဘယ်မှာအသံမြည်နေမလဲဆိုတာ နားစွင့်နေရတာ အိပ်လို့မဖျောက်ဘူး” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၈ ရက်ကလည်း နှစ်ကရင်ကျေးရွာထဲ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာပြီးနောက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သေးသည်။

    မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် ဇွန်လ ၁၈ ရက်နေ့ကစကာ  KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးမှုများပြုလုပ်နေပြီး နယ်မြေစိုးမိုးရေးအတွက် ဆက်တိုက်လှုပ်ရှားလာသည်။

    အမှတ် (၈) ကားလမ်းမ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက် ခံရသည့် ဖြစ်စဉ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

    ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်တွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်။

    ပြီးခဲ့သည့် မေလအတွင်းကလည်း ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာထဲကို စစ်ကောင်စီက ပထမဆုံးအကြိမ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks