တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့မှ ကလိန်အောင်မြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၂၃ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်တင်ကား ၃ စီးနှင့် အိမ်စီးကား ၁ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် ရေဖြူမြို့နယ် ကျောက်ရှပ်ကျေးရွာအုပ်စု၊ ရေပုံးကျေးရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကားတွေ မိုင်းဆွဲခံရတဲ့နေရာက ရေပူစမ်းထဲကိုဝင်တဲ့လမ်းကွေ့လေးမှာပါ။ အနီရောင်ကျောက်ကားတစ်စီးတော့ အဲ့ဒီလမ်းကွေ့လေးမှာ ကျန်ခဲ့တာတွေ့ရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးကြောင်း ဖြစ်စဥ်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်းလည်း ဆိုသည်။
စစ်ကောင်စီယာဥ်တန်းကို မည်သည့်အဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရေပုံးကျေးရွာဘက်နှင့် ဟိန်းဇဲကျေးရွာဘက်တို့တွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ မိနစ်ပိုင်းခန့် ပိတ်မိသေးကြောင်း ခရီးသွားပြည်သူများနှင့် ကားသမားများထံမှ သိရသည်။
