မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန် တစ်စစမြင့်တက်လာနေသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ပဲ ခရီးမသွားလာကြဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မော်လမြိုင်-ထားဝယ်ကားလမ်းတလျှောက် စစ်ကောင်စီယာဥ်တန်းများ ပေါ်တင် ဖြတ်သန်းသွားလာ မျိုးမပြုပဲ အရပ်သုံးယာဥ်၊ လူနာတင်ယာဥ်၊ ဘုရားဖူးယာဥ်များ အသုံးပြုကာ အသွင်ယူ သွားလာနေသည်ဟု ဆိုသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ပဲ ခရီးမသွားကြဖို့၊ မဖြစ်မနေခရီးသွားရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ထုတ်ပြန်ထားသည်။
အရေးပေါ်လူနာတင်ယာဥ်များအနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လမြိုင်သို့ အဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းတာမလုပ်ဖို့၊ ၁ နာရီ ၈၀ ကီလို မိုင်ထက် ပိုမမောင်းဖို့ကိုလည်း ပြောထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် (၆) တပ်မဟာကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။
အမှတ် (၈) လမ်းမကြီးတစ်လျှောက်တွင် KNLA မှ ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်သည့်အတွက် ခရီးသွားပြည်သူလူထုများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ယခုလို ထုတ်ပြန်ရခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို KNLA အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။